သတင်း

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မြင်သည့်အပေါ် စိတ်မကောင်းဟု NLD ပြော

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် နှစ်ပေါက်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခဲ့သော်လည်း ရလဒ်မကောင်းသည့်အတွက် တစ်နိုင်ငံလုံးမှပြည်သူများအတွက် “စိတ်မကောင်း” ကြောင်း ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်တစ်ဦးကပြောသည်။

တစ်နှစ်ကျော်ကြာသည်အထိ ဆွေးနွေးငြင်းခုံမှု၏ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၁၃၅ ခုအပေါ် ကိုးရက်တိုင်တိုင် မာရသွန်မဲခွဲပွဲကြီး ကျင်းပခဲ့သော်လည်း လေးခုကိုသာ ပြင်ဆင်နိုင်ခဲ့သည်။ ထိုပုဒ်မနှစ်ခုမှာလည်း ‘မသန်မစွမ်း’ နှင့် ‘မသန်စွမ်း’ ကဲ့သို့သော ဝေါဟာရပြင်ဆင်ချက်သာဖြစ်သည်။

မတ် ၁၀ မှစ၍ ကျင်းပခဲ့သည့် မဲခွဲပွဲကြီး၏ နောက်ဆုံးနေ့အဖြစ် ပြည်ထောင်စုလွှတ်တော်၌ NLD ကအဆိုပြုထားသည့် ပုဒ်မ ၁၄ ခုကို မဲခွဲခဲ့ကြရာတွင် လိုအပ်သည့် ထောက်ခံမဲပမာဏကို တစ်ခုမျှကျော်လွန်ခဲ့ခြင်းမရှိပေ။

“ဒီလိုရလဒ် ထွက်လာတဲ့အပေါ်မှာ နိုင်ငံတစ်ခုလုံးအတွက် တိုင်းသူပြည်သူတွေ အားလုံးအတွက် စိတ်မကောင်းပါဘူး” ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းပူးပေါင်းကော်မတီ၌ အတွင်းရေးမှူး အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးက မဲခွဲပွဲအပြီးတွင် မီဒီယာများကိုပြောသည်။

လက်ရှိအခြေခံဥပဒေတွင် ပါရှိသော တပ်မတော်အစိုးရလက်ထက်က ကိစ္စများကို နောက်ကြောင်းပြန်တရားစွဲ၊ အရေးယူခွင့် မရှိဆိုသည်ကိုပယ်ဖျက်ရန်၊ နိုင်ငံတော်အလံ ပုံစံဒီဇိုင်းပြင်ဆင်ပြောင်းလဲရန် တို့နှင့်ဆိုင်သည့် NLD ကအဆိုပြုထားသည့် ပုဒ်မများ ယနေ့မဲခွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရန် အဆိုပြုပုဒ်မပေါင်း ၁၃၅ ခုရှိသည့်အနက် ကိုးရက်တာမဲခွဲမှုအပြီးတွင် ပြည်ထောင်စုလွှတ်တော်၌ လိုအပ်သော ထောက်ခံမဲအရေအတွက်ကို ကျော်လွန်ရရှိသည့်ပုဒ်မမှာ လေးခုသာ ရှိခဲ့သည်။

ပုဒ်မတစ်ခုကို ပြင်ဆင်နိုင်ရန် လိုအပ်ချက် ၇၅ ရာခိုင်နှုန်းကျော်အရေအတွက်ဖြစ်သည့် ၄၉၁ မဲကိုကျော်လွန်ရရှိသည့် ပုဒ်မသုံးခုမှာ “အိုမင်းမစွမ်း” အစား “သက်ကြီးရွယ်အို”၊ “မသန်မစွမ်း”အစား “မသန်စွမ်း”ဟူသော စကားရပ်၊စကားသုံးဆိုင်ရာ ပြင်ဆင်ချက်များဖြစ်သည်။

အခြားတစ်ခုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် “လွှတ်တော်ကိုယ်စားလှယ် များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်ထားသည့်အရည်အချင်းများ နှင့် ပြည့်စုံသော” ဟူသော မူလပြဋ္ဌာန်းချက်ပါစကားရပ်ကို “သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော” ဟု ပြင်ဆင်ခြင်းဖြစ်သည်။

ယင်းတို့အနက် ပုဒ်မနှစ်ခုမှာ လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုရဦးမည်ဖြစ်ပြီး၊ အပြီးသတ်ပြင်ဆင်လိုက်နိုင်သည့် ပုဒ်မမှာ နှစ်ခုသာရှိသည်။

ထွက်ပေါ်လာသည့် ရလဒ်အပေါ် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် () အမျိုးသားလွှတ်တော် အမတ် ဦးဝေစိန်အောင်က “လေးခု ပြင်တယ်လို့ပြောပေမဲ့ ဘာမှလဲထူးမလာဘူး။ ငွေကုန်၊ အချိန်ကုန်၊ လူပန်းခံပြီးဘာမှမထူးဘူး” ဟု Myanmar Nowကိုမှတ်ချက်ပြုသည်။

လူထုဆန္ဒခံယူပွဲကျင်းပအတည်ပြုရဦးမည့် ပုဒ်မနှစ်ခုနှင့်စပ်လျဉ်း၍ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များအစပြုနိုင်ရန် အဆိုတင်သွင်းခဲ့သည့် NLD ပါတီဝင်အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်ထံ Myanmar Nowကမေးမြန်းရာတွင် “တာဝန်ရှိသူတွေအားလုံး သေသေချာချာ စဉ်းစားကြရဦးမှာပေါ့” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ထုတ်ပြန်သည့်စာရင်းများအရ ကိုးရက်တာမဲခွဲမှုများအတွင်း ကိုယ်စားလှယ် ၆၀၀ ကျော်ပုံမှန်တက်ရောက်ခဲ့ပြီး ပယ်မဲအရေအတွက်မှာနေ့စဉ်ပျမ်းမျှ ၇၆ မဲနီးပါးရှိသည်။

Show More

Related Articles

Back to top button