သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်လက်ခံမည့် ပထမနေ့တွင် တစ်ဦးမှ ပြန်ဝင်မလာ

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မငြိမ်မသက်မှုများကြောင့် နေရပ်စွန့်ခွာ သွားခဲ့ရသူများအား ပြန်လည်လက်ခံရန် ယနေ့တွင် မြန်မာဘက်က စောင့်ဆိုင်းနေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်မှ တစ်ယောက်မှ ပြန်မလာခဲ့ဟု မြန်မာအစိုးရအရာရှိများက အတည်ပြုခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရအကြား သဘောတူညီချက်အရ ယနေ့ နံနက် ရနာရီမှစ၍ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား လက်ခံရန် မြန်မာဘက်က နှစ်နိုင်ငံနယ်စပ်ရှိ တောင်ပြိုလက်ဝဲ ချစ်ကြည်ရေးဂိတ်တွင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ပထမဆုံးနေ့၏ နောက်ဆုံးအချိန်ဖြစ်သည့် ယနေ့ညနေ ၅နာရီအထိ တစ်ဦးတစ်ယောက်မျှ ဝင်ရောက်မလာဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ အရာရှိက အတည်ပြုခဲ့သည်။

ထွက်ပြေးခဲ့သည့် လူသန်းဝက်ကျော်အနက် ပထမအဆင့်တွင် လူ ၈၀၀၀ ကျော်ကို ပြန်လည်လက်ခံရန် နှစ်နိုင်ငံ သဘောတူထားပြီး ပြန်လည်လက်ခံရေးအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ လူ ၂၂၆၁ ဦးကို တစ် ရက်လျှင် ၁၅၀ နှုန်းဖြင့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်ကြာအောင် လက်ခံသွားရန် မြန်မာအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးနေ့၏ နောက်ဆုံးအချိန်အထိ ထွက်ပြေးသွားသူများ ပြန်မလာခဲ့သော်လည်း လာမည့်ရက်များတွင် “ဆက်လက်စောင့်ဆိုင်းနေမယ်” ဟု အဆိုပါအရာရှိက ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်များ၏ ကင်းစခန်းများကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ( ARSA ) ၏တိုက်ခိုက်မှုကို မြန်မာတပ်ဖွဲ့များက လက်တုံ့ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူသန်းဝက်ကျော် ထွက်ခွာသွားခဲ့ရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

Show More

Related Articles

Back to top button