
ကိုဗစ်နိုင်တင်းစောင့်ကြည့်လူနာတစ်ဦးဖြစ်သည် မန္တလေးမြို့မှ အသက် ၆၈ နှစ်အရွယ်အမျိုးသမီးမှာ ယနေ့နံနက်က သေဆုံးသွားကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်ကျော်က အတည်ပြုပြောဆိုသည်။
မတ် ၄ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ဆီးချိုရောဂါဖြင့် ရောက်လာသည့် အဆိုပါလူနာတွင် အဆုတ်ရောဂါ လက္ခဏာများတွေ့ရှိခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် ကန်တော်နဒီဆေးရုံတွင် တက်ရောက်နေရာမှ ယနေ့နံနက် ၈ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။
“သူ့ကို တစ်သျှူးနမူနာစစ်ဆေးတာက အဖြေမထွက်သေးဘူး။ ခုထိတော့ ဘာလုပ်မလဲ မဆုံးဖြတ်ကြရသေးပါဘူး။ အဖြေက ဒီနေ့ညနေပိုင်းမှာ ရမှာ၊ အဖြေရမှပဲ ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ” ဟု ဒေါက်တာခင်ကျော်က ပြောဆိုသည်။
ယင်းလူနာသည် အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများ ဖြစ်နေသည်ကိုတွေ့ရှိကြောင်း ဆေးရုံထံမှ သိရသည်။
အဆိုပါ အမျိုးသမီးမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရာဇဝင်မရှိကြောင်း၊ သို့သော်လည်း ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် ကိုဗစ်နိုင်တင်းသံသယလက္ခဏာများ တွေ့ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသပေးထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာစံတော်ချိန် ယနေ့ ၃ နာရီအထိရရှိသည့်စာရင်းများအရ ကမ္ဘာတစ်ဝန်း ကိုဗစ်–၁၉ ရောဂါကြောင့် ဖြစ်ပွားသူပေါင်း ၉၇,၀၀၀ ကျော် ၊ သေဆုံးသူ ၃,၃၀၀ ကျော်ရှိပြီး ပြန်လည်ကျန်းမာလာသူ ၅၃,၀၀၀ ကျော်ဖြစ်ကာ စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၅ နိုင်ငံထိ ကူးစက်ပျံ့နှံ့နေသည်။ တရုတ်ပြင်ပတွင် ကူးစက်ခံရသည့် နိုင်ငံများအနက် အိမ်နီးချင်း ကိုရီးယားနိုင်ငံမှာ သေဆုံးသူပေါင်း ၄၂ ဦးနှင့် ကူးစက်ခံရသူပေါင်း ၆၀၀၀ ကျော်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း ယင်းရောဂါကြောင့် ၁၄ ဦး သေဆုံးသွားပြီး ရောဂါဖြစ်ပွားသူ ၂၂၈ ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံများအနက် COVID 19 ရောဂါ မကူးစက်သေးသည့် နိုင်ငံပေါင်း ၁၁၇ နိုင်ငံ ရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Myanmar Now ကို ပြောသည်။