သတင်း

ဆိပ်ကမ်းအနိုင်ရ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကို ပြိုင်ဘက် ဒီချုပ်ပါတီက ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမဲဆန္ဒနယ်(၂)၏ အနိုင်ရကိုယ်စားလှယ်လောင်းအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်သုံးဦးကို ရွေးကောက်ပွဲဥပဒေဖြင့် တရားစွဲထားသည်ဟု ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကိုယ်စားလှယ် ဦးရဲမင်းဟိမ်းက ပြောသည်။

တရားစွဲခံထားရသူများမှာ ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရကိုယ်စားလှယ် ဦးနေမျိုးအောင်၊ ဆိပ်ကမ်းမဲဆန္ဒနယ် ရွေးကောက်ပွဲကိုယ်စားလှယ်နှင့် ပါတီဘဏ္ဍာရေးမှူး ဒေါ်တိုးတိုးလွင်နှင့် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ် မေထွဋ် အသေးစားချေးငွေလုပ်ငန်းကုမ္ပဏီ ဒါရိုက်တာလည်းဖြစ်သူ ဦးလင်းအောင်အောင်တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲမတိုင်မီက ဆိပ်ကမ်းမြို့နယ်ပြည်သူများအား မေထွဋ်ကုမ္ပဏီက လူတစ်ဦးလျှင် ကျပ် ၆၀,၀၀၀ နှုန်းဖြင့် ငွေထုတ်ချေးခဲ့ပြီး ထိုသို့ငွေချေးနိုင်အောင် ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ကြားမှ ဆက်သွယ်ကူညီပေးခဲ့သည့်အပေါ် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က)ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါ ဥပဒေပုဒ်မ ၅၈ (က) တွင် “ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်လည်းကောင်း၊ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင်နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း”ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာဖို့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာဖို့ တိုင်တာ။ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မတရားရယူခဲ့တယ်ဆိုပြီး တိုင်တာပါ” ဟု ဦးရဲမင်းဟိမ်းက Myanmar Now ကို ပြောသည်။

ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစုများ နေထိုင်သည့် ထိုမြို့နယ်တွင် လူဦးရေသုံးထောင်အောက်သာ ရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။ မဲဆန္ဒနယ်(၂) တွင် မဲပေးခွင့်ရှိသူအရေအတွက်မှာ ၁,၅ဝဝ မပြည့်ပေ။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးနေမျိုးအောင်က ခိုင်လုံမဲ ၅၁၅ မဲရရှိခဲ့ပြီး ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန်းထိုက်အောင်က ၃၆၅ မဲရရှိသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပစဉ်က အနိုင်ရရှိခဲ့သည့် ဒီချုပ်ကိုယ်စားလှယ် ကွယ်လွန်သွားခဲ့သဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမဲဆန္ဒနယ်(၂) အတွက် ထပ်မံရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငွေချေးသတင်းအပြည့်အစုံကို ဖတ်ရန်

အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်း

Show More

Related Articles

Back to top button