
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက်ဖြတ်တောက်ထားမှုနှင့် ဘူးသီးတောင်မြို့နယ်ရှိ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည်ကျရောက်မှု ကန့်ကွက်ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ယနေ့ ထပ်မံလုပ်ဆောင်ခဲ့သည်။
ကန့်ကွက်ဆန္ဒပြခဲ့သည့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၉ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့် ရဲက တရားစွဲဆိုထားပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ ရုံးခန်းသို့ အရပ်ဝတ်ရဲများက လာရောက်ဖမ်းဆီးရန် ထပ်မံကြိုးစားခြင်း ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကဆိုသည်။
လာရောက်ဖမ်းဆီးသည့် ရဲများမှာ ရဲတပ်ဖွဲ့ယူနီဖောင်း မဝတ်ဆင်ထားခြင်း၊ ကျောင်းအာဏာ ပိုင်များကို မခေါ်ဆောင်လာခြင်းနှင့် ဖမ်းဆီးခံရမည့်သူများတွင် ကျောင်းသူ ၂ ဦး ပါဝင်နေ၍ ရဲမေများခေါ်ဆောင်လာရမည်ကို ခေါ်ဆောင်လာမှု မရှိခြင်းတို့ကြောင့် အဖမ်းခံရန် ငြင်းဆိုရခြင်းဖြစ်သည်ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။
“ဖမ်းမယ်ဆိုရင်လာဖမ်း။ ကျောင်းဝင်းထဲမှာ ဖြစ်တဲ့အတွက် ကျောင်းရဲ့ခွင့်ပြုချက်ယူပြီးတော့ ကျောင်းက တာဝန်ရှိတဲ့လူတွေနဲ့ လာရင်တော့ အဖမ်းခံမယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့က အဖမ်းခံမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ကမာရွတ်မြို့နယ်မှူး ရဲမှူး သိန်းဟန်က ကျောင်းသားများကို ဖမ်းဆီးရန် သွားခြင်းမဟုတ်ဘဲ၊ သွားရောက် ခေါ်ဆောင်ခြင်းသာဖြစ်ပြီး ကျောင်းသားများမှာ တရားဥပဒေ ချိုးဖောက်ထားသူများဖြစ်၍ လာရောက်ဖြေရှင်းရန် တာဝန်ရှိကြောင်း၊ ၎င်းတို့က ရဲ လုပ်ထုံး၊လုပ်နည်းကို ချိုးဖောက်ခြင်းမဟုတ်ဘဲ ကျောင်း၏ ဂုဏ်သိက္ခာကိုယ်ထောက်ငဲ့၍ ရဲကားနှင့် ရဲယူနီဖောင်းများ မဝတ်ဆင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“ဘာလုပ်ထုံး၊ လုပ်နည်းလိုလို့လဲ တရားခံခေါ်တဲ့ဟာ။ ယူနီဖောင်းဝတ်နဲ့မှ ဖမ်းရမယ်လို့ ကျွန်တော်တို့မှာ ညွှန်ကြားချက်မှမရှိတာ” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမဂ္ဂကျောင်းသား ၆ဦး ကို ကမာရွတ်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး စစ်ချက်ယူပြီးနောက် ပြန်လွှတ်ပေးခဲ့ကာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကမာရွတ်မြို့နယ်မှူး ရဲမှူးသိန်းဟန်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျောင်းသားများကို ပြန်လွှတ်လိုက်ခြင်းမှာ တရားစွဲဆိုခံရသူ ၉ ယောက် မစုံလင်သေး၍ ဖြစ်ပြီး တရားစွဲဆိုထားမှုအပေါ် ကျောင်းသားများ လာရောက် တရားရင်ဆိုင်ခြင်းမရှိပါက ဖမ်းဝရမ်း ထုတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။
“သူတို့ ဥပဒေနဲ့ အညီလာပြီးတော့ တရား ရင်မဆိုင်ရင် ဖမ်းဝရမ်းထုတ်ရမှာပေါ့။ ကျွန်တော်တို့က အမှုဖွင့်ထားတာပဲကို” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျောင်းသားများက သွားရောက်အမှုရင်ဆိုင်ခဲ့ပြီးဖြစ်၍ ထပ်မံသွားရောက်မည် မဟုတ်ကြောင်း၊ ထိုနေ့က အရပ်ဝတ်ရဲများက ၎င်းတို့ကို ရန်ကုန်ပညာရေးတက္ကသိုလ် သမဂ္ဂရုံးခန်းတွင် လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စစ်ချက်ယူ ခံဝန်ထိုးခိုင်းခဲ့သော်လည်း ၎င်းတို့က ငြင်းဆန်ခဲ့ကြောင်း ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံထားရသူ ကိုနောင်ထက်အောင်က ဆိုသည်။
ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသူများမှ ကိုနောင်ထက်အောင်၊ ကိုသုတစိုး၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုအောင်ပြည့်စုံဖြိုး၊ ဇော်ထက်နိုင်၊ ကိုသက်တင်အောင်၊ ကိုကျော်လင်းနှင့် ကိုမြတ်ဟိန်းထွန်းတို့ ဖြစ်သည်။
ရခိုင်ပြည်နယ်ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန်နှင့် ဘူးသီးတောင်မြို့နယ်ရှိ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကလေးများ ဒဏ်ရာရရှိသွားမှုအပေါ် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် တက္ကသိုလ်ကျောင်းသားများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းဆန္ဒပြပွဲ ဦးဆောင်သူကိုးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားခြင်းဖြစ်သည်။
ပုဒ်မ ၁၉ မှာ ကြိုတင်အသိပေးခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းကိုတားမြစ်သည့် ပုဒ်မ ဖြစ်ပြီး ထောင်ဒဏ် သုံးလ သို့မဟုတ် ဒဏ်ငွေကျပ် ၃၀,၀၀၀ အထိ ချမှတ်နိုင်သည်။