သတင်း

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို တပ်မတော် ဝင်ရောက်စစ်ဆေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် မြို့အဝင်အထွက်လမ်းမများကို တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးနေသည်ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ယနေ့မနက် ၉ နာရီခန့်က အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းက ရသေ့တောင်မြို့ပေါ် ဓညဝတီဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းတစ်ခုနှင့် ပြိန်းတော စစ်ရှောင်စခန်းတို့ကို ဝင်ရောက်စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။

“လတ်တလောတော့ စစ်ရှောင်စခန်းတွေကို ဝင်စစ်နေတယ်။ မြို့ထဲမှာလည်း နည်းနည်းပါးပါး စစ်နေတာရှိတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများ၊ ကျေးလက်စစ်ရှောင်စခန်းများကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စစ်ဆေးလေ့ရှိသော်လည်း မြို့ပေါ်ရှိစစ်ရှောင်စခန်းများကို ဝင်ရောက်စစ်ဆေးခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

မွန်းတည့် ၁၂ နာရီအထိ မြို့ထဲတွင် တပ်မတော်စစ်ကြောင်း ရှိနေဆဲဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် မြို့အဝင်အထွက်လမ်းများတွင် စစ်ဆေးနေသည်ဟု ရသေ့တောင်မြို့နယ် အရှေ့တောင်ရပ်ကွက်တွင်နေထိုင်သည့် မြို့ခံတစ်ယောက်က ဆိုသည်။

“မြို့ပေါ်က ဆိုင်တွေကတော့ ပိတ်ကုန်ပြီ၊ ဒီလိုတစ်ခါမှမဖြစ်ဖူးတော့ မြို့ခံတွေက စိုးရိမ်နေကြတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။

တပ်မတော်က ဝင်ရောက်စစ်ဆေးနေသည့် ပြိန်းတောစစ်ရှောင်စခန်းမှာ ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်အရေအတွက် ၁,၀၀၀ ကျော်ဖြင့် အများဆုံးခိုလှုံနေသည့်စခန်းဖြစ်သည်ဟု ရသေ့တောင်အခြေစိုက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာတော်တော်များများတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ရသေ့တောင်မှ အရပ်ဘက်အဖွဲ့အစည်းတချို့၏ စာရင်းများအရ ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်စခန်း ၁၇ ခုရှိပြီး စစ်ဘေးရှောင်အရေအတွက် ၁၀,၀၀၀ ကျော်ရှိသည်။

၂၀၁၉ ခုနှစ်နှစ်ဆန်းမှစ၍ အရှိန်မြင့်လာခဲ့သော စစ်မက်ပဋိပက္ခများကြောင့် စစ်ဘေးရှောင် ပြည်သူဦးရေ ယခုအထိ တစ်သိန်းကျော်ရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အချက်အလက်များက ဆိုသည်။

 

Show More

Related Articles

Back to top button