
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝမြို့နယ်များတွင် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ရန်ကုန်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသား ၃ ဦးကို အရပ်ဝတ်ရဲများက ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်ထဲသို့ ဝင်ရောက်ဖမ်းဆီးသွားသည်။
ရခိုင်ပြည်နယ်ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန် ရှေ့တစ်ရက်က ရန်ကုန်မြို့တွင် တက္ကသိုလ်ကျောင်းသားများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းဆန္ဒပြပွဲ ဦးဆောင်သူကိုးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားခြင်းဖြစ်သည်။
ပုဒ်မ ၁၉ မှာ ကြိုတင်အသိပေးခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းကိုတားမြစ်သည့် ပုဒ်မ ဖြစ်ပြီး ထောင်ဒဏ် သုံးလ သို့မဟုတ် ဒဏ်ငွေကျပ် ၃၀,၀၀၀ အထိ ချမှတ်နိုင်သည်။
ယင်းအမှုဖွင့်ခံထားရသူ ၉ ဦးထဲမှ ကိုသုတစိုး၊ ကိုနောင်ထက်အောင်နှင့် ကိုဇော်ထက်နိုင်တို့ သုံးဦးကို အရပ်ဝတ်ရဲများက ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်း၌ ယနေ့နံနက်တွင် လာရောက်ခေါ်ဆောင်သွားပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် ကိုသုတစိုးက Myanmar Now ကိုပြောသည်။
ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသူများမှ ကိုနောင်ထက်အောင်၊ ကိုသုတစိုး၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုအောင်ပြည့်စုံဖြိုး၊ ဇော်ထက်နိုင်၊ ကိုသက်တင်အောင်၊ ကိုကျော်လင်းနှင့် ကိုမြတ်ဟိန်းထွန်းတို့ ဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းသို့ ရောက်ရှိနေသည့် ကိုသုတစိုးက ပြောသည်။
“ ဒီအင်တာနက် ဖြတ်တောက်တာဟာ သတင်းအမှောင်ချထားတာပဲ။ သတင်းအမှောင်ချထားတယ် ဆိုတာဟာ ဘာကြောင့် သတင်းအမှောင်ချထားတာလဲ အမှန်တွေ မသိစေချင်လို့လား။ တခြား မသိစေချင်တဲ့ အကြောင်းအရာတွေ ရှိလို့လား” ဟု ကိုသုတစိုးက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းသို့ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် စခန်းမှူး တရားရုံးသို့ သွားနေ၍ ပြန်လည်ဆက်သွယ်ရန်သာ တာဝန်ကျ ရဲမေက ပြောဆိုသည်။
ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် အင်တာနက်လိုင်းများပြန်ဖွင့်ပေးရန်၊ ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွက် တာဝန်ယူရန်၊ တာဝန်ခံပြီး ဖြေရှင်းပေးရန်နှင့် သတင်းမီဒီယာများအား လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒပြပွဲကို ရခိုင်ကျောင်း သားများသမဂ္ဂ (ရန်ကုန်)၊ ရခိုင် ကျောင်းသားများသမဂ္ဂ (ဒဂုံတက္က သိုလ်)၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၊ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ထိုဆန္ဒပြပွဲတွင် ဆန္ဒပြသူများက ကမာရွတ်မြို့နယ် ဆင်ရေတွင်းမှတ်တိုင်မှ လှည်းတန်းလမ်းဆုံအထိ ချီတက်ခဲ့ကြပြီး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။