သတင်း

ရမ်းဗြဲမြို့နယ် ပါတီဘဏ္ဍာရေးမှူး AA ဖမ်းဆီးဟု NLD ဆို၊ ဖမ်းထားခြင်းမရှိဟု AA ငြင်း

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ညနေက ရမ်းဗြဲမြို့နယ် ကျောက်ပုံကျေးရွာအနီးမှာ ဖမ်းဆီးသွားသည်ဟု NLD ပါတီ တာဝန်ရှိသူက ပြောသည်။

သို့သော် AA ဘက်ကမူ ကိုဇေယျာမင်းကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ဘက်က ထိန်းသိမ်းထားတာ မရှိဘူးဗျ။ အဲဒီလိုဖြစ်စဉ်မျိုးမရှိဘူး။ ကျွန်တော်တို့လည်း အောက်ခြေကို ပြန်ပြီးတော့မေးပြီးပြီ” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ ယမန်နေ့ ညနေ ၆ နာရီခန့်က AAအဖွဲ့ဝင် ၈ ဦးခန့်က ကိုဇေယျာမင်းကို လက်နက်ပြကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖမ်းဆီးသွားသည့် အကြောင်းရင်းကို မသိရသေးကြောင်း ပြောသည်။

“ကျွန်တော်တို့ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းစေချင်ပါတယ်။ တိုက်ပွဲနဲ့ လုံးဝမသက်ဆိုင်တဲ့ တရားဝင်နိုင်ငံရေးပါတီဝင်တွေကို ဖမ်းဆီးခြင်းက မသင့်လျော်ပါဘူး” ဒေါက်တာမျိုးညွန့်က ပြောသည်။

ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် ယခုလိုဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများရှိနေကာ လုံခြုံရေးအရ အန္တရာယ်ရှိသည့် နယ်မြေဖြစ်သည့်အတွက် နိုင်ငံရေးအသိနှင့် လှုပ်ရှားသွားလာရန် ပါတီဝင်များကို ညွှန်ကြားထားသည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ထို့အပြင် ကိုဇေယျာမင်းကို ပြန်လွှတ်ပေးရေးအတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် AA ကို တောင်းဆိုသွားမည်ဟု ၎င်းက ဆိုသည်။

၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်ကလည်း ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို AA က စစ်မေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးပြီးနှစ်ပတ်အကြာတွင် တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိကာ သေဆုံးသွားသည်ဟု AAက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကျန်ခဲ့သည့်နှစ် နိုဝင်ဘာ ၃ ရက် က NLD ပါတီဝင် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို AAကဖမ်းဆီးခဲ့ပြီး နှစ်လကျော်အကြာ ဇန်နဝါရီ ၂၁ ရက် မှာတော့ တိုင်းရင်းသားချစ်ကြည်ရေးဟုဆိုကာ ပြန်လွှတ်ပေးလိုက်သည်။

Show More

Related Articles

Back to top button