သတင်း

မန်းပါချုပ်အငြိမ်းစားပေးမှု တရားဝင်ထုတ်ပြန်မှ သပိတ်လှန်မည်ဟု သမဂ္ဂဆို

တက္ကသိုလ်တွင်း Food court (စားသောက်ဆိုင်တန်း) တည်ဆောက်မှုနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်ရမှသာ ဆန္ဒပြမှုကို ရပ်မည်ဟု မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ပြောသည်။ 

မန္တလေးတက္ကသိုလ် သပိတ်ကော်မတီဥက္ကဋ္ဌ မယမင်းသူက “(တရားဝင်ထုတ်ပြန်ချက်) ရောက်လာပြီဆိုမှ တောင်းဆိုချက်ပြည့်ဝတယ် ပြောရမှာ၊ စာရောက်လာမှ ကျောင်းသားထုကို အစည်းအဝေးခေါ်ပြီး ချပြသွားမယ်။ ညီမတို့သပိတ်ကိုလှန်ပါမယ်” ဟု ဆိုသည်။

စားသောက်ဆိုင်တန်း တည်ဆောက်မှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့်အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ‘အငြိမ်းစားပေးလိုက်ကြောင်း’ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

အငြိမ်းစားပေးလိုက်သည်မှာ မှန်ကန်သည်ဟု ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အတည်ပြုပြီး ယာယီပါမောက္ခချုပ်အဖြစ် တာဝန်ယူသွားမည်ဟု Myanmar Now ကိုပြောသည်။

 

“ပါမောက္ခချုပ် ဒီလိုအနားယူရတယ်ဆိုရင် ဝါစဉ်အရ လက်ရှိသုံးယောက်ထဲမှာ ကျွန်တော်က ကြီးနေတဲ့အတွက် ကျောင်းရဲ့လုပ်ငန်းစဉ်တွေ အဆင်ပြေ ချောမွေ့ဖို့အတွက် ဆက်လက်ပြီးဆောင်ရွက်ရမှာပါ” ဟု Myanmar Now ကို ပြောသည်။

မန္တလေးတက္ကသိုလ်အတွင်း Oriental House စားသောက်ဆိုင် တည်ဆောက်ရာတွင် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းသည် တင်ဒါစည်းကမ်းများ ဖောက်ဖျက်ကြောင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ခွင့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိသေးကြောင်းလည်း ဆန္ဒပြကျောင်းသားများက စွပ်စွဲပြီး ၂၀၁၉ စက်တင်ဘာ ၂ ရက်က စတင် သပိတ်မှောက်ခဲ့ကြသည်။

အငြိမ်းစားပေးခံရသည့် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း

ကျောင်းသားများ၏သပိတ်အ‌ရှိန် မြင့်လာပြီးနောက် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်ဟု ပြောကြားခဲ့သော်လည်း လေးလကြာသည်အထိ ဆောင်ရွက်မှုအခြေအနေများကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးဆိုကာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက် တွင် သပိတ် ပြန်လည်စတင်ခဲ့သည်။

ယင်းနေ့မှစ၍ ပညာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်ပေးရန် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေခဲ့ကြသည်။

Show More

Related Articles

Back to top button