ဗစ်တိုးရီးယားနှင့် ၎င်းတို့၏ မိသားစုများ၏ အချက်အလက်များကို လူသိရှင်ကြားထုတ်ဖော်ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်ကို စိတ်ပျက်မိကြောင်းနှင့် ပြန်လည်တုံ့ပြန်မည့် နည်းလမ်းများကို ဥပဒေပညာရှင်များနှင့် စတင်တိုင်ပင်နေပြီဖြစ်ကြောင်း ဗစ်တိုးရီးယား၏ဖခင်က ပြောသည်။
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရသည်ဟု ဆရာဝန်များက အတည်ပြုထားခဲ့သည့် နေပြည်တော်မှ မူကြိုကလေးငယ် ဗစ်တိုးရီးယားသည် မည်သူမည်ဝါမှန်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ နေ့လယ်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် ကလေးငယ်၏ မိသားစုနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိုပါ Facebook မှတစ်ဆင့် ထပ်မံဖြန့်ဝေခဲ့သည်။
“ကျွန်တော်တို့မိသားစုကို သူတို့ဘာလုပ်ချင်တာလဲ။ ပြောပြစရာစကားတောင် မရှိတော့ဘူး၊ ကျွန်တော်တို့ကို ထပ်ခါထပ်ခါ ထိုးနှက်နေတာလား”ဟု ရဲတပ်ဖွဲ့၏ လုပ်ရပ်ကို ဗစ်တိုးရီးယား၏ဖခင်က မေးခွန်းထုတ်သည်။
နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မေ ၁၆ ရက်က မဖွယ်မရာ ပြုကျင့်ခံရပြီးနောက် အမှုသည် လူသိထင်ရှားဖြစ်လာခဲ့သော်လည်း နစ်နာသူကလေးငယ်၏ ဂုဏ်သိက္ခာအတွက် ကလေးငယ်၏အမည်နှင့် ဆက်စပ်အကြောင်းအရာများကို ရှေ့နေများနှင့် သတင်းဌာနများအပါအဝင် သိရှိသူများက လျှို့ဝှက်ပေးထားပြီး “ဗစ်တိုးရီးယား” ဟုသာ သုံးနှုန်းခဲ့ကြသည်။
သို့သော်ရဲတပ်ဖွဲ့က ယနေ့တွင် လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသည့် “ရဲဇာနည်” Facebook စာမျက်နှာမှတစ်ဆင့် ဒီဇင်ဘာ ၁၉ ညနေ ၅ နာရီ ၂၈ မိနစ်တွင် “Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့်ပတ်သက်သည့် အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံ ရှစ်ပုံ တင်ခဲ့ပြီး ယင်းထဲမှ စာမျက်နှာတချို့တွင် ကလေးနှင့် သူ၏မိဘများ၏ အမည်၊ နေရပ်နှင့် အလုပ်အကိုင်များပါ အသေးစိတ်ပါဝင်ခဲ့သည်။
Facebook သုံးစွဲသူများက အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသည့် “ရဲဇာနည်” Facebook စာမျက်နှာမှ ဗစ်တိုးရီးယားမိသားစု၏ အချက်အလက်များသည် ညနေ ၆ နာရီခွဲခန့်တွင် ပြန်ပျောက်သွားခဲ့သည်။
အဆိုပါ ဖြုတ်ချခဲ့မှုကို Facebook ဘက်က ပြုလုပ်ခဲ့ခြင်းလား (သို့မဟုတ်) ရဲတပ်ဖွဲ့က ဖြုတ်ချခဲ့ခြင်းလား ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။
“ရဲဇာနည်ပေ့ချ်မှာ သမီးလေးအမည်၊ မိဘတွေအမည် အကုန်တင်ပစ်လိုက်ပါတယ်။ ကျွန်တော် ကလေးအဖေနဲ့ အကြိမ်ကြိမ်တွေ့ခဲ့ချိန်မှာ သူ့နာမည်ကို အကြိမ်ကြိမ်ကြားခဲ့ပေမယ့် အခုအထိ ကလေးအဖေလို့ပဲ ခေါ်ခဲ့ပါတယ်” ဟု ဗစ်တိုးရီးယားနှင့် မိသားစုကို ကူညီပေးနေသည့် ‘သက္ကမိုးညို’ အမည်ဖြင့် Facebook သုံးစွဲနေသူ ဒေါက်တာဝင်းကိုကိုသိန်းက မှတ်ချက်ပြုသည်။
အမှုအခင်းများတွင် ကလေးငယ်များ ပါဝင်ပတ်သက်နေပါက မည်သူမည်ဝါမှန်း လူသိရှင်ကြား ထုတ်ပြောခြင်းသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်က ဝေဖန်သည်။
ရဲတပ်ဖွဲ့၏ လုပ်ရပ်သည် အဆိုပါဥပဒေပါ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ်သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ ပုဒ်မ ၉၆ (ဃ)နှင့် ငြိစွန်းနေနိုင်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
ပုဒ်မ ၉၆ (ဃ) တွင် မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်များရယူခြင်း၊ ထည့်သွင်းခြင်း နှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေးနည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
ဖောက်ဖျက်ကျူးလွန်ပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ တွင် ထောင်ဒဏ်လေးလမှ တစ်နှစ်ဖြစ်စေ၊ ကျပ်လေးသိန်းမှ ခြောက်သိန်းထိဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားသည်။
ဗစ်တိုးရီးယား အဓမ္မပြုကျင့်ခံခဲ့ရပြီးနောက် ရဲက ဖမ်းဆီးစွဲတင်ခဲ့သည့် ကိုအောင်ကျော်မျိုး(ခ) အောင်ကြီးအား တရားရုံးက ယမန်နေ့က တရားရှင် ပြန်လွှတ်ပေးခဲ့သည်။ တရားလိုပြသက်သေ ၇ ဦး ကျန်နေသေးသော်လည်း စစ်ဆေးပြီးသူ ၂၀ ဦး၏ ထွက်ဆိုချက်များအရ ကိုအောင်ကြီး ကျူးလွန်ကြောင်း ထင်ရှားမှုမရှိ၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃(၂) အရ စွဲချက်မတင်မီ ခရိုင်တရားရုံးက တရားရှင် လွှတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ သတင်းထုတ်ပြန်ပြောဆိုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရားဝင် သတင်းထုတ်ပြန်ထားသည့် ရဲမှူးကြီး ကျော်သီဟထံ ဆက်သွယ်မေးမြန်းနေသော်လည်း ညနေ ၆ နာရီခွဲ အချိန်အထိ မရသေးပါ။