သတင်း

ရှမ်းမြောက်ရှိ လွယ်တောက်နှင့် ပန်ဟုန်း ကျေးရွာများမှ အရပ်သား ၅၀၀ ခန့် စစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လွယ်တောက်ကျေးရွာအနီး ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းက လက်နက်ကြီးကျသဖြင့် ယင်းကျေးရွာနှင့် အနီးရှိ ပန်ဟုန်းရွာမှ အရပ်သား ၅၀၀ ခန့် စစ်ရှောင်နေရကြောင်း လယ်တောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်နီက ဆိုသည်။

ဒီဇင်ဘာ ၁၆ ရက်၊ မနက် ၆ နာရီခွဲခန့် အချိန်တွင် ရွာအနောက်ဘက်၌ လက်နက်ကြီးကျည် ငါးလုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာအနီးတွင်လည်း မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရှိနေသည်ဆိုသည့် သတင်းများကြောင့် ရွာသားအများစုသည် လားရှိုးမြို့နှင့် ၉ မိုင်အကွာ အီနိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်သွားကြသည်ဟု ၎င်းက Myanmar Now ကို ပြောသည်။

မြောက်ပိုင်းတပ်တွေရှိနေတော့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ် စိတ်မချရဘူးဆိုပြီး ရှောင်လိုက်ကြတာဟု ဦးဆန်နီက ပြောသည်။

လွယ်တောက်ကျေးရွာသည် လားရှိုးမြို့၏ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ လားရှိုးနမ္မတူလမ်း အနီးတွင်ရှိပြီး အိမ်ခြေ ၁၂၀ ခန့်နှင့် လူဦးရေ ၁,၀၀၀ ခန့်ရှိသည်ဟု ၎င်းက ဆိုသည်။ တစ်အိမ်လျှင် အိမ်ထောင်ဦးစီးတစ်ယောက်စီနှင့် အမျိုးသားအချို့ အိမ်တွင်နေရစ်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်များ တိမ်းရှောင်သွားကြသည်ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် လွယ်တောက်ရွာအနီးသို့ တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး လုံခြုံရေးယူထားကြောင်း လွယ်တောက်ရွာတွင် နေရစ်ခဲ့သည့် ဦးဆန်နီက ပြောသည်။

အီနိုင်းရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်များမှာလည်း စားရေးသောက်ရေးအတွက် ခက်ခဲနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အီနိုင်းရွာသို့ လွယ်တောက်နှင့် ပန်ဟုန်းရွာများမှ စစ်ရှောင်များရောက်ရှိနေသည်ကို အတည်ပြုနိုင်သော်လည်း အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း လားရှိုးမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းဝမ်းလှိုင်းခမ်းက Myanmar Now ကို ပြောသည်။

လွယ်တောက်ရွာအနီး လက်နက်ကြီး ကျရောက်မှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို Myanmar Now က ဖုန်းဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းလက်နက်ကိုင် ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အဓိကလှုပ်ရှားနေသည်။

၂၀၁၉ ခုနှစ် ဧပြီလမှစ၍ မြောက်ပိုင်း ဖွဲ့နှင့် အစိုးရတို့ ပဏာမအပစ်ရပ်လက်မှတ်ရေးထိုးရန် ကြိမ်ထက်မနည်း ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်တွင်လည်း တရုတ်နိုင်ငံကူမင်းမြို့၌ ဆွေးနွေးခဲ့ကြသေးသည်။

Show More

Related Articles

Back to top button