
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စိတ္တရရွာမှ ရွာသားတစ်ဦးအပါအဝင် အနီးဝန်းကျင်ရွာများမှ ရွာသား ၇ ဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့သို့ မလွှဲပြောင်းမီ ထိန်းသိမ်း စစ်ဆေးနေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) တွင် အတည်ပြုသည်။
ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီအချိန်ခန့်က တပ်မတော်စစ်ကြောင်းတစ်ခု စိတ္တရရွာထဲသို့ ဝင်ရောက်လာစဉ် စစ်ကြောင်းကို ရွာတွင်းမှ ပစ်ခတ်သည်ဟုဆိုပြီး တပ်မတော်က ပြန်လည်ပစ်ခတ်ရာမှ ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနှင့် စိတ္တရရွာသူ ဒေါ်ဖြူဖြူဝင်းတို့နှစ်ဦး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်အပြီးတွင် အုပ်ချုပ်ရေးမှူးအိမ်အနီး၌ ရှိနေသည့် ရွာသား ၇ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်နွှယ်သည်ဆိုသည့် သံသယဖြင့် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။
“အခုလောလောဆယ်ကတော့ တောထဲမှာဆိုတော့ ရဲတပ်ဖွဲ့ကို မလွှဲနိုင်သေးဘူး၊ တပ်ကပဲ စစ်ဆေးနေတယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
ဖမ်းဆီးထားသူများမှာ စိတ္တရရွာသား တစ်ယောက်၊ ကျောက်မှော်ရွာသား တစ်ယောက်၊ ငန်းတက်ရွာသား သုံးယောက်နှင့် တောင်ပုတ်ကေရွာသား နှစ်ယောက်တို့ဖြစ်သည်ဟု ဆိုသော်လည်း နာမည်စာရင်း အတိအကျကိုမူ မသိရပေ။
တပ်မတော်စစ်ကြောင်းက ဒေသခံအချို့ကို ဖမ်းဆီးသွားပြီး ၎င်းတို့ထဲမှ တချို့တစ်ဝက်မှာ ထွက်ပြေးလွတ်မြောက်သွားသည်ဆိုသည့် သတင်းစကားများ ဒေသခံများကြားတွင် ပျံ့နှံ့နေသော်လည်း အမှန်တကယ် ဖမ်းဆီးသွားသည့် ရွာသားအရေအတွက်နှင့် မည်သူမည်ဝါဖြစ်ကြသည်ကို ဒေသခံများက တိတိကျကျ မသိကြပေ။
သို့သော် ဒီဇင်ဘာ ၁၁ ရက်က ဖမ်းဆီးခံရသူများထဲတွင် အသက် ၃၅ နှစ် အရွယ်ရှိသည့် စိတ္တရရွာသား ကိုဘညွန့်ပါဝင်သည်ဟု သူ၏ဇနီးဖြစ်သူ မလှလှသန်းက အတည်ပြုသည်။
ကိုဘညွန့်မှာ ရွာသို့ လာရောက်လည်ပတ်နေသည့် အခြားရွာမှ ရွာသားများနှင့်အတူ နေအိမ်ခြံဝင်းအတွင်း မီးလှုံနေစဉ် တပ်မတော်စစ်ကြောင်းက ရွာအတွင်းသို့ ဝင်ရောက်ပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ကျွန်မယောက်ျားက လယ်သမားသက်သက်ပဲ။ သူတို့စွပ်စွဲသလို ဘာမှ AA မဟုတ်ဘူး” မလှလှသန်းက ဆိုသည်။
ဒီဇင်ဘာ ၁၁ ရက် တစ်ရက်လုံး စိတ္တရရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် မင်းဖူးတောင်ပေါ်ရှိ တပ်မတော်အထိုင်စခန်းကို ရက္ခိုင့်တပ်တော် AA မှ အင်အားအလုံးအရင်းအသုံးပြုကာ တိုက်ခိုက်နေခဲ့ပြီး စိတ္တရရွာအတွင်းသို့ ဝင်ရောက်ခဲ့သည့် တပ်မတော်စစ်ကြောင်းမှာ အဆိုပါစခန်းသို့ စစ်ကူလိုက်သည့်စစ်ကြောင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။
ဖမ်းဆီးခံရသူ ရွာသား ၇ ဦးမှာ အဆိုပါစစ်ကြောင်းနှင့်အတူ ပါသွားခဲ့သည့်အတွက် မင်းပြားမြို့နယ်ရဲစခန်းကို မလွှဲပြောင်းနိုင်သေးဟု ဗိုလ်မှူးကြီးက အကြောင်းပြသည်။
ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွင်း တပ်မတော်ရော ရက္ခိုင့်တပ်တော် AA ပါ အရပ်သားများကို ဖမ်းဆီးမှုများ မကြာခဏပြုလုပ်လေ့ရှိသည်။ဖမ်းဆီးခံရစဉ် အရပ်သားသေဆုံးမှုများလည်း ဖြစ်ပွားလေ့ရှိပြီး ယခုနှစ် မေလအတွင်းက ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ရွာသား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သည်။