သတင်း

တပ်မတော်၏ ပစ်ခတ်မှုကြောင့် မင်းပြားတွင် ရွာသား ၂ ဦးသေဆုံးဟု မိသားစုဝင်များပြော

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၁) ရက် ညက တပ်မတော်စစ်ကြောင်းတစ်ခု ရွာအတွင်းသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုကြောင့် ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ရွာ၏ ရာအိမ်မှူးနှင့် မိသားစုဝင်များက ယနေ့(ဒီဇင်ဘာ ၁၂ ရက်)ပြောသည်။

စစ်ကြောင်းရောက်လာပြီးနောက် ရိုက်နှက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းမှာ နောက်စေ့တွင်ဒဏ်ရာရပြီး သေဆုံးသလို ကလေးနှစ်ယောက်မိခင် အသက် ၃၉ နှစ်အရွယ် မဖြူဖြူဝင်းမှာလည်း ယာဘက်ရင်အုံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း စိတ္တရရွာ၏ ရာအိမ်မှူး ဦးမောင်ဖြူထွန်းက Myanmar Now ကို ပြောသည်။

ယမန်နေ့ည ၁၁ နာရီခွဲခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာအတွင်းသို့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး မိနစ်အနည်းငယ်ခန့်အကြာတွင် စစ်ကြောင်းမှအရာရှိတစ်ဦးက ရွာအရှေ့ဘက် သယွေချောင်းကို ကူးရန်အတွက် စက်လှေသုံးစီးတောင်းသဖြင့် ကူညီပေးလိုက်ရသည်ဟု ၎င်းက ဆိုသည်။

“အုပ်ချုပ်ရေးမှူးကို ထွက်ပြေးလို့ ကျုပ်တပည့်တွေ သေနတ်နဲ့ ပစ်လိုက်လို့ ဒဏ်ရာရသွားတယ်တဲ့” ဟု ဦးမောင်ဖြူထွန်းက ၎င်းနှင့် တွေ့ဆုံခဲ့သည့် တပ်မတော်မှ ဗိုလ်တစ်ဦးက ပြောသည်ကို Myanmar Now ကို ပြန်ပြောပြသည်။ ထို့ပြင် “ခင်ဗျား စက်လှေသုံးစီးလောက် စီစဉ်ပေးပါဆိုပြီး ဗိုလ်တစ်ယောက်က ပြောတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည်ကို ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ မင်းပြားမြို့နယ်၊ မင်းပုန်းတောင်တွင် တိုက်ပွဲဖြစ်ပွားသည်ကို အတည်ပြုသော်လည်း စိတ္တရရွာသားနှစ်ဦး သေဆုံးသည့်ဖြစ်စဉ်ကို အတိအကျမသိရသေးဟု ဆိုသည်။

သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းမှာ နေအိမ်ခေါင်းရင်းတွင် ဖုန်းပြောနေစဉ် စစ်သား ၁၀ ဦးခန့် အိမ်ခြံဝင်းအတွင်း ဝင်ရောက်လာပြီး ဦးဉာဏ်သိန်းအား သေနတ်ဖြင့်ပစ်ခတ်ကာ သေနတ်ဒင်ဖြင့် ထုနှက်ကြောင်း နေအိမ်တွင်ရှိနေသည့် ဦးဉာဏ်သိန်း၏ မိခင် ဒေါ်လှယဉ်ဖြူက ပြောသည်။

“ဘယ်ကို (ဖုန်း) ဆက်နေတာလဲဆိုပြီး သေနတ်နဲ့ပစ်လိုက်တယ်၊ ပြီးတော့ သေနတ်ဒင်နဲ့ထုတယ်” ဟု ဒေါ်လှယဉ်ဖြူက ပြောသည်။

စစ်သားများထွက်သွားပြီးနောက် ခြံဝင်းအတွင်း ဆင်းကြည့်ရာတွင် ဦးဉာဏ်သိန်းမှာ သေဆုံးနေသည်ကို တွေ့ရသည်ဟု သူက ဆိုသည်။

ဦးဉာဏ်သိန်းနှင့် ဒေါ်ဖြူဖြူဝင်းတို့သေဆုံးမှုအတွက် အမှုဖွင့်စစ်ဆေးပေးရန် မင်းပြားမြို့နယ် ရဲစခန်းသို့ စာပို့ကာ တိုင်ကြားထားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ မင်းပုန်းတောင်တွင် ဒီဇင်ဘာ ၁၁ ရက် တစ်ရက်လုံးလိုလို တိုက်ပွဲဖြစ်ပွားသည့်အသံကို ကြားရပြီး စစ်တပ်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေသည်ကိုလည်း မြင်တွေ့ရသည်ဟု စိတ္တရရွာသားများက ပြောသည်။

မင်းပုန်းတောင်ရှိ တပ်မတော်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ပွဲအတွင်း တပ်မတော်မှ ရဟတ်ယာဉ်များသုံးကာ ပစ်ကူပေးခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

“မင်းပုန်းတောင်မှာဖြစ်တယ်၊ ဒါပေမဲ့ စိတ္တရရွာနားမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါက သူတို့သက်သက် ဝင်ပစ်တာပဲဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

တပ်မတော်စစ်ကြောင်း ရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွာသားအများစုမှာ မင်းပြားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ရွာအတွင်း၌ လူ ၁၀၀ ခန့်နှင့် သေဆုံးသူများ၏အလောင်းကို စောင့်ရှောက်နေသည့် မိသားစုဝင်များသာ ရှိတော့သည်ဟု ရာအိမ်မှူး ဦးမောင်ဖြူထွန်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့အကြား တိုက်ပွဲများကြောင့် အရပ်သား သေဆုံးဒဏ်ရာရမှုဖြစ်စဉ်များမှာ တဖြည်းဖြည်းမြင့်တက်လာသည်။

Myanmar Now က စုဆောင်းထားသည့် အချက်အလက်များအရ ရခိုင်တိုက်ပွဲများအတွင်း အရပ်းသားသေဆုံးသူ အရေအတွက် ၁၀၀ ဝန်းကျင်ခန့်အထိ ရှိနေပြီး ဒဏ်ရာရသူအရေအတွက်မှာ ၂၃၀ ကျော်အထိ ရှိနေသည်။

Related Articles

Back to top button