သတင်း

ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ကျင်းပရန် စီစဉ်နေသော ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှာ ယမန်နေ့ နေ့လယ်ပိုင်းကပင် ပျောက်ဆုံးသွားခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။

နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုစွဲချက်ကို သွားရောက်ရင်ဆိုင်နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ယနေ့ ဘူးသီးတောင်မြို့နယ်၌ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌဖြစ်သူ အသက် ၅၀ အရွယ်ရှိ ဦးရဲသိန်းမှာ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဘူးသီးတောင်မြို့နယ်အနီးရှိ ပြင်ရှည်ရွာသို့ ထောက်ခံပွဲကျင်းပမည့် ဖိတ်စာပေးရန်နှင့် ထောက်ခံပွဲတွင် ဧည့်ခံမည့် အစားအသောက်များ သွားရောက် ဝယ်ယူစဉ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့် ညီအစ်ကိုတော်စပ်သူ ဦးအောင်ကိုဆွေက Myanmar Now ကို အတည်ပြုပြောကြားသည်။

“ဘာကြောင့်ပျောက်တယ်တော့ ကျွန်တော်လဲ မသိဘူးဗျ။ လူပျောက်တိုင်ဖို့ကတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ တိုင်ပင်နေပါတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၁၁) မနက်ပိုင်းက ဦးရဲသိန်းမှာ ဘူးသီးတောင်မြို့နယ်အနီးရှိ ကျေးရွာတစ်ခုသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် ထိုကျေးရွာမှ NLD ပါတီ မြို့နယ်အတွင်းရေးမှူးနှင့် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ကျွန်တော်တို့ကတော့ သူ ဘာကြောင့် ပျောက်ဆုံးသွားတယ်ဆိုတာကို စုံစမ်းနေတုန်းပဲရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို ဦးဆောင်မည့် မြို့နယ်ပါတီဥက္ကဋ္ဌ ပျောက်ဆုံးသွားသည့်အတွက် ယနေ့ပြုလုပ်သည့် ထောက်ခံပွဲမှာ ယခုအချိန်အထိ မလုပ်ဖြစ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ICJ သွားတာကို သူက ထောက်ခံပွဲလုပ်မယ်ဆိုပြီး သူက မရှိတော့ လုပ်ဦးမှာလား မလုပ်တော့ဘူးလားပေါ့။ လိုက်တော့ ဆက်သွယ်တာပေါ့ဗျာ။ ရဲလည်း ရဲအလျောက်ပေါ့ဗျာ။ ကျွန်တော်တို့လည်း မြို့နယ်နဲ့ ကျေးရွာတွေကို လိုက်ပြီးတော့ ချိတ်ဆက်နေပါတယ်” ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ဦးရဲသိန်း ပျောက်ဆုံးသွားသည်ကို ကြားသိထားရပြီး ၎င်း၏ မိသားစုများက အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟုခေါ်သည့် မွတ်စလင်များအပေါ် အကြမ်းဖက်သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် တပ်မတော်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားပြီး စတင်ကြားနာနေပြီဖြစ်သည်။ မြန်မာအစိုးရနှင့် ပြည်သူအများစုကမူ ၎င်းတို့သည် ဘင်္ဂါလီများသာဖြစ်သည်ဟု ဆိုကြသည်။

ထိုသို့ တရားစွဲဆိုခြင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ ဟိဂ် (The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ သွားရောက်ဖြေရှင်းနေပြီး မြန်မာနိုင်ငံ မြို့ကြီးအချို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲများ ပြုလုပ်လျက်သည်။

 

Show More

Related Articles

Back to top button