
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည် စခန်းများတွင် မြင့်မားလာသည့် အအေးဒဏ်ကြောင့် စောင်နှင့်အနွေးထည်များ အရေးပေါ် အကူအညီလိုအပ်နေသည်ဟု စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်နေသည့် အဖွဲ့များက ပြောသည်။
ယခုနှစ်မှာ ခါတိုင်းနှစ်များထက် အအေးချိန်မြင့်တက်နေခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီများ၊ အနွေးထည်နှင့်စောင်များ အရေးပေါ်လိုအပ်နေသည်ဟု ကချင်ပြည်နယ် မန်စီမြို့နယ်တွင်ရှိသည့် လူဦးရေ ၄၀၀၀ ခန့်ရှိ မန်ဝိန်းကြီး(ရိုမန်ကက်သလစ်) စစ်ဘေးဒုက္ခသည်စခန်း၊ စခန်း (၂)တာဝန်ခံ ဦးအောင်လွင်က ပြောသည်။
“ဆေးဝါးနဲ့ပတ်သက်ပြီး အများကြီးလိုအပ်နေပါတယ်။ လောလောဆယ် တစ်ပတ်မှာ တစ်ကြိမ်ပဲ ဖွင့်ပေးတဲ့ ဆေးခန်းပဲရှိပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာလည်း တခြားအကူအညီ ထွေထွေထူးထူး ဆေးပေးခန်းက မရပါဘူး ” ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားမြို့အနီးရှိ မိုင်းနား ဒုက္ခသည်စခန်းတွင်လည်း အအေးဒဏ်ပြင်းထန်ခြင်းကြောင့် မိသားစုလိုက် နှာစေး၊ချောင်းဆိုခြင်းများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် အပတ်ကလည်း အသက် ၈၅ နှစ်အရွယ် အဘိုးအိုတစ်ဦး ကွယ်လွန်သွားခဲ့သည်ဟု စခန်းတာဝန်ခံ မရန်ဇော်လွန်းက ပြောသည်။
လာရောက် လှူဒါန်းထားသည်များမှာ စခန်းရှိ လူထက်ဝက်အတွက်သာ အနွေးထည်နှင့်စောင်များ ထောက်ပံ့နိုင်သည်ဟု ၎င်းက ပြောသည်။
ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က KBC ၏ကူညီထောက်ပံ့ရေးအဖွဲ့က ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အတူ ကူညီပံ့ပိုးပေးလျက်ရှိပြီး အလှူရှင်များ သွားရောက်လှူဒါန်းနေသည်များလည်း ရှိသည်ဟု ပြောသည်။
“ကျွန်တော်တို့ နယ်စပ်ဒေသမှာရော အစိုးရထိန်းချုပ်နယ်မြေမှာရော ဘာလိုအပ်ချက်ရှိတယ်ဆိုတာတော့ ဘာမှ မကြားသေးပါဘူး။ လိုအပ်လာခဲ့ရင်တော့ လုံလုံလောက်လောက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် မိုင်းနားစစ်ရှောင်စခန်း သူနာပြုဆရာမ မထွေးထွေးရီက အအေးချိန်မြင့်မားသောကြောင့် မိသားစုလိုက် နှာစေး၊ချောင်းဆို ရောဂါများရှိနေပြီး မီးလှုံရင် မီးပွားလွင့်စဉ်သည်များကို ကုသပေးရသည်များလည်း ရှိသည်ဟု ပြောသည်။
မိုင်းနားစစ်ရှောင်စခန်းတွင် နေထိုင်သူ အသက် ၄၀နှစ် အရွယ် ဒေါ်စုခါးတောင်ကတော့ ၎င်းတို့ မိသားစုအလိုက် နှာစေး၊ချောင်းဆိုးမှုများဖြစ်ပွားခဲ့ပြီး ၎င်း၏ အသက် ၁၀ နှစ်အရွယ် သမီးနှင့်သားအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေသည်ဟု ပြောသည်။
မိုင်းနားစစ်ရှောင်စခန်းမှာ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့နယ်အတွင်း တည်ရှိပြီး ကျေးရွာပေါင်း ၃၉ ရွာမှ စစ်ဘေးရှောင် သုံးထောင်နီးပါး နေထိုင်ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့အနီးရှိ ရိုမန်ကက်သလစ် စစ်ဘေးဒုက္ခသည်စခန်း ကာလိုင်ဇွန်အောင်၏ တာဝန်ခံ ဦးနောင်လတ်က ၎င်းတို့ စခန်းတွင်လည်း မိသားစုလိုက် နှာစေး၊ချောင်းဆိုးရောဂါများဖြစ်ပွားနေပြီး အနွေးထည်၊ စောင်၊ ဘောင်းဘီ၊ ဖိနပ်နှင့် ထင်းများ လိုအပ်နေသည်ဟု ပြောသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အသင်း လူမှုဖွံ့ဖြိုးရေးနှင့်ကယ်ဆယ်ရေး တာဝန်ခံ ခါးလီက တရုတ်နယ်စပ်အနီးရှိ ဖရဲ၊ ပါဂျောင်၊ မိုင်တိုင်(၆)၊ မိုင်တိုင်(၈)၊ဆဒုံးနှင့် ချီဗွေတို့ရှိ ဒုက္ခသည်စခန်းများမှာ အအေးဒဏ်ကို အမြင့်ဆုံးခံစားရသည့် ဒေသများဖြစ်သည်ဟု ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ကချင်ပြည်နယ်တွင် ၃ ဒီဂရီ စင်တီဂရိတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၄ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းနေကြောင်း ယနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်ကြေညာထားသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် စစ်ဘေးဒုက္ခသည်စခန်း ၁၇၁ ခုရှိပြီး ရှမ်းပြည်နယ်တွင် ၈၈၄၁ ဦး၊ ကချင်ပြည်နယ်တွင် ၉၇၃၄၂ ဦးစုစုပေါင်း စစ်ဘေးဒုက္ခသည် ၁၀၆၁၈၃ ဦး နေထိုင်လျက်ရှိသည်။