ဗစ်တိုးရီးယားဖခင်ပြောပြသည့် ခက်ခဲလှသော ၆ လတာ

လူမမယ် သမီးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအတွက် တရားမျှတမှုကို ရှာဖွေနေသည့် ဗစ်တိုးရီးယား၏ ဖခင်သည် ခြောက်လတာအတွင်း သူကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ရင်ဖွင့်ခဲ့သည်။

Published on Nov 27, 2019

ဗစ်တိုးရီးယားအမှုသည် အမှန်တကယ်မဖြစ်ခဲ့ဘဲ လုပ်ကြံဖန်တီးခဲ့သည့် ဇာတ်လမ်းတစ်ခုဟု Facebook မှတစ်ဆင့် လနှင့်ချီ ကြာမြင့်သည့် ဝေဖန်တိုက်ခိုက်မှုများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က အဆုံးသတ်သွားခဲ့ရသည်။

ထိုနေ့က နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး တရားခွင်တွင် နေပြည်တော် ခုတင် ၁၀၀၀ မှ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်က “ဗစ်တိုးရီးယား၏မိန်းမကိုယ်တွင် သုတ်ပိုးတွေ့ကြောင်း” ထွက်ဆိုခဲ့သည်။

ယင်းနေ့မတိုင်မီ ကာလများတွင် မိဘများ၏ချဲ့ကားပြောဆိုထားသော ဇာတ်လမ်းတစ်ပုဒ်အဖြစ် ထိုးနှက်ခံခဲ့ရသည့်အတွက် ကာလရှည်စိတ်ပင်ပန်းမှုဒဏ်ကို ခံခဲ့ရကြောင်း ဗစ်တိုးရီးယား၏ဖခင်က ပြောသည်။

“ဘယ်သူမှ မဖြစ်ချင်ဆုံးအရာကို ကျူးလွန်ခံရသေးတယ်။ ကျူးလွန်ခံရတဲ့အပြင် လူ့အဖွဲ့အစည်းတစ်ခုကနေ စာနာနားလည်မှု မရှိဘဲ ကိုယ့်သားသမီးကို လိမ်ညာထွက်ဆိုတဲ့ပုံ၊ ပုံသွင်းခံရတယ်” ဟု ဗစ်တိုးရီးယား၏ ဖခင်က သူကြုံနေရသည့် အဖြစ်အပျက်များထဲမှ တစ်ခုကို ရှင်းပြသည်။

နေပြည်တော် သပြေကုန်း Wisdom Hill မှ အသက် သုံးနှစ်ပင် မပြည့်သေးသည့် သူ၏သမီးငယ် မေလအတွင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရပြီးနောက် ဗစ်တိုးရီးယား၏ ဖခင်သည် သမီးအတွက် တရားမျှတမှုကို ရှာဖွေရန်အတွက် ဆုံးဖြတ်ခဲ့သည်။

ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် သူ၏ တရားမျှတမှုရှာဖွေရေးခရီးစဉ်က မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို သူမသိနိုင်သော်လည်း သူတို့မိသားစု ကျော်ဖြတ်နေရသည့် လတ်တလောအချိန်မှာကား ဝဋ်ဒုက္ခတစ်ခုလို ဆင်းရဲပင်ပန်းလှသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ရင်ဖွင့်ခဲ့သည်။

အဖြစ်ဆိုးကြုံခဲ့ရပြီးနောက် မိဘနှစ်ပါးက အလုပ်မသွားတော့ဘဲ သမီးဖြစ်သူကို ပိုမိုအချိန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ အစိုးရဝန်ထမ်း မိဘနှစ်ယောက်လုံးက လစာမဲ့ခွင့်ယူရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် သူတို့မိသားစုဝင်ငွေ မရှိသလောက် ဖြစ်သွားခဲ့ရသည်။

အိမ်မက်ဆိုးက သူတို့မိသားစု တစ်ခုထဲကို ခြောက်လှန့်နေခြင်းမဟုတ်ဘဲ သူတို့ကို ကူညီသူများဆီကိုပါ ကူးဆက်သွားခဲ့သည် ဟု ၎င်းက ဆိုသည်။ အထူးသဖြင့် သူတို့မိသားစုကို အနီးကပ်အကူအညီပေးနေသည့် ‘သက္ကမိုးညို’ အမည်ဖြင့် Facebook သုံးစွဲနေသူ ဒေါက်တာဝင်းကိုကိုသိန်း နှင့် အခမဲ့ ရှေ့နေလိုက်ပေးနေသည့် ဒေါ်ရွက်နုအောင်တို့ထံ ဖိအားအများအပြား ကျရောက်ခဲ့ရသည်ဟုလည်း ဗစ်တိုးရီးယားဖခင်က ဆိုသည်။

သက္ကမိုးညိုသည် ဗစ်တိုးရီးယားအမှုတွင် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လို ဖြစ်နေခဲ့ပြီး မိသားစုကိုယ်စား သတင်းဌာနများနှင့် ဆက်သွယ်ပြောဆိုရာတွင် အဓိကကျသည့်သူ ဖြစ်သည်။ အလားတူ ရှေ့နေဒေါ်ရွက်နုအောင်သည်လည်း တရားခွင်အတွင်း မေးမြန်းမှုများ၊ တရားခွင်စစ်ဆေးမှုများကို သတင်းဌာနများကို ပြန်လည်ဖြေကြားနေသူ ဖြစ်သည်။

ဗစ်တိုးရီးယား၏ မိသားစုများက လူမြင်ကွင်းကို ထွက်မလာဘဲ သက္ကမိုးညို နှင့် ဒေါ်ရွက်နုအောင်တို့ကိုသာ မြင်တွေ့နေရသောကြောင့် ၎င်းတို့နှစ်ဦးက မိသားစုကို ချုပ်ကိုင်နေသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ထိုးနှက် တိုက်ခိုက်ခံနေရသည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

ထိုသူများမှာ မိသားစုပြောဆိုလိုသည့် အကြောင်းအရာများကို တစ်ဆင့်ခံ ပြောပေးသူများသာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကိုယ်ပိုင်ခံစားချက်များ၊ ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို တိုက်ရိုက်လူလုံးထွက်ပြကာ ပြောဆိုရန်ဆိုသည်က သူတို့အတွက် မဖြစ်နိုင်သည့်အခြေအနေဟု ကလေးငယ်၏ဖခင်က ဆိုသည်။ ‘ဗစ်တိုးရီးယား’ ဟု အမည်လွှဲ ပေးထားသည့် သုံးနှစ်သာသာ ကလေးငယ် မည်သူဆိုသည်ကို လူအများသိသွားပါက သူ၏သမီး ရှင်သန်နေထိုင်ရမည့် ဘဝတစ်လျှောက်အတွက် စိုးရိမ်စရာဟု သူက ယူဆနေသည်။

”ကျွန်တော့သမီးလေးအပေါ်ကို တောက်လျှောက်ကြီး အရိပ်မဲကြီး ထိုးနေမှာကို ကျွန်တော် မလိုလားဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် သူတို့မိသားစုကို ကူညီနေသည့် သက္ကမိုးညို နှင့် ဒေါ်ရွက်နုအောင် နှစ်ယောက်လုံးအား Wisdom Hill ကျောင်းကြီးကြပ်ရေးမှုး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁-က (၂)ဖြင့် အမှုဖွင့်ထားသည်။ သည့်အပြင် ဗစ်တိုးရီးယား၏ အဖေ၊ ဦးလေး၊ အဒေါ်တို့သည်လည်း အလားတူ အမှုဖွင့်ခံထားရသည်။

ကလေးငယ်၏ တရားမျှတမှုကို ရှာဖွေနေသည့် ဖခင်သည် လာမည့်ရက်ပိုင်းအတွင်းတွင် သူ့အပေါ်စွပ်စွဲထားသည့် အမှုအတွက် ရဲစခန်းတွင် သွားရောက်စစ်ဆေးခံရမည်ဖြစ်သည်။

လူရှေ့ထွက်မပြဘဲ သိုသိုသိပ်သိပ်နေရန် ကြိုးစားခဲ့သော်လည်း သူတို့မိသားစုကို တုန်လှုပ်စေခဲ့သည့် အဖြစ်အပျက်တစ်ခု ကြုံခဲ့ရသေးသည်။ ဗစ်တိုးရီးယားအဖေက မူကြိုကျောင်းအဝင်အဝကို မှတ်တမ်းတင်ထားသည့် CCTV ရုပ်သံဖိုင်အား သူ၏သမီးကို ပြသပြီး ထိုနေ့က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ချော့မော့မေးမြန်းကာ ဖုန်းနှင့် ရုပ်သံ ရိုက်ကူးထားခဲ့သည်။ ထိုရုပ်သံဖိုင်ကို အမှုအတွက် အထောက်အကူဖြစ်စေရန် ရဲတပ်ဖွဲ့ထံသို့လည်း ပေးအပ်ခဲ့သည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

ရက်အနည်းငယ်အတွင်း ဗစ်တိုးရီးယား၏ အသံနှင့် အဆိုပါရုပ်သံတစ်ပိုင်းတစ်စသည် လက်သည်မပေါ်ဘဲ Facebook ပေါ် ရောက်သွားခဲ့သည့်အတွက် တုန်လှုပ်ခြောက်ခြားရသည်ဟု ၎င်းက ဆိုသည်။

“ကိုယ့်သမီးအသံကို အွန်လိုင်းမီဒီယာမှာ ကြားရတာကိုက ရင်ထဲမကောင်းဘူး” ဟု ၎င်းက ဆိုသည်။

ပြင်ပဖိအားများအပြင် မိသားစုတွင်း ဖိအားများကိုလည်း ရုန်းကန်ရင်ဆိုင်နေရသည်ဟုလည်း ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။ ဗစ်တိုးရီးယားက ကျောင်းတတ်ရန် ပူဆာလာပါက နှစ်သိမ့်ပေးရချိန်က မိဘများအတွက် ခက်ခဲလွန်းလှသည်ဟု သူက ဆိုသည်။

“အခုအဆိုရင် သမီးက ကျောင်းတက်ချင်တယ်။ ကျောင်းသွားမယ်ပြောတယ်။ ဒါပေမဲ့ ကျွန်တော် ကျောင်းကို ပြန်မထားရဲတော့ဘူး” ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

စိန်ခေါ်မှုများ အခက်အခဲများရှိနေသော်လည်း သူတို့မိသားစုက တရားမျှတမှု ရှာဖွေရန်အတွက် နောက်ဆုတ်မည်မဟုတ်ဟုလည်း သူက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗစ်တိုးရီးယား၏ဖခင်ကတော့ ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများ ပြန်ရှာနိုင်ရေးအတွက် သူ၏ဘက်က ကြိုးစားအားထုတ်မှုတစ်ခု လုပ်ခဲ့သည်။

ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့နှင့် ကျောင်းဖက်မှ တရားရုံးသို့ သက်သေခံတင်သွင်းထားသည့် အခင်းဖြစ်ပွားသော မေလ ၁၆ ရက်နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ CCTV ရုပ်သံမှတ်တမ်းများတွင် ၁၁ မိနစ်၊ ၈ မိနစ် နှင့် ၅ မိနစ်စာ အပိုင်းသုံးပိုင်း ပြတ်တောက်နေသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်ဥပဒေရုံးသို့ သွားရောက်ခဲ့ပြီး ရုပ်သံမှတ်တမ်းဖိုင်များကို အမြန်ဆုံး စစ်ဆေးပေးရန်အတွက် လျှောက်လွှာတင် တောင်းဆိုခဲ့သည်။ ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများတွင် အမှုအတွက် လမ်းစ တစ်ခုတစ်လေ ရှိကောင်းရှိမည်ဟု သူက ယူဆနေသည်။

“ဒီကလေးလေးအပေါ် ဘယ်သူတွေ လိမ်နေလဲဆိုတာ တနေ့နေ့တော့ ပေါ်မှာဘဲ” ဟု လနှင့်ချီကြာ စောင့်ဆိုင်းနေသည့် သူ၏မျှော်လင့်ချက်ကို ဗစ်တိုးရီးယား၏ဖခင်က ပြောသည်။

ထွန်းခိုင်သည် Myanmar Now သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading