သတင်း

လူထုဝေဖန်မှုများကြောင့် မွန်ပြည်နယ်စည်ပင်၏ အသုံးစရိတ်များကို လွှတ်တော်စစ်ဆေးမည်

မွန်ပြည်နယ်စည်ပင်၏ စီမံကိန်းများတွင် ငွေကြေးသုံးစွဲမှုအပေါ် ဝေဖန်မှုများရှိနေသည့်အတွက် လာမည့်ဒီဇင်ဘာလအတွင်း ကြားနာစစ်ဆေးသွားမည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

“တချို့လုပ်ငန်းတွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ရှိတဲ့အခါကျတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရှင်တွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ ဒီကော်မတီကနေ သူတို့ရဲ့ အသုံးစရိတ်ကို ပြန်လည်စိစစ်သွားဖို့ ရှိပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်၏ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဆိုသည်။

အထူးသဖြင့် ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ဈေးတည်ဆောက်ခြင်း၊ ပြည်သူများ ဝေဖန်မှုမြင့်မားခဲ့သော ကျပ်သိန်း ၁၅၀၀ ကုန်ကျမည့် မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းတည်ဆောက်ခြင်းနှင့် ယခုဘတ်ဂျက်တွင် မော်လမြိုင် အမှတ် (၁) ဈေး၌ ကျပ်သိန်း ၁၀၀ တန်ပန်ကာ ၁၆ လုံး တပ်ဆင်မည့် လုပ်ငန်းများကို အဓိကထား စစ်ဆေးသွားမည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဈေးဆောက်ရာတွင်လည်း စည်ပင်ဌာနနှင့် ပုဂ္ဂလိက နှိုင်းယှဉ်လိုက်ပါက စည်ပင်ဆောက်သည့် ဈေးများမှာ ပုဂ္ဂလိကထက် အဆောက်အအုံသေးသော်လည်း ဈေးနှုန်းတူနေသည်ကို ကော်မတီက တွေ့ရှိခဲ့ကြောင်း ဦးအောင်ကျော်သူက ဆက်ပြောသည်။

“စစ်ဆေးတွေ့ရှိချက်ကို ကျွန်တော်တို့ လွှတ်တော်ကို ပြန်တင်ရမှာဖြစ်ပါတယ်။ ကော်မတီအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌဆီ အစီရင်ခံစာ ပြန်တင်ပေးရတယ်။ ကြားနာမှုတစ်ခုလုပ်ပြီးတိုင်း ဒီအစီရင်ခံစာထဲမှာပဲ တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေ၊ သုံးသပ်ချက်တွေ ထည့်သွားမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၉-၂၀ ခုနှစ် မွန်ပြည်နယ်ဘတ်ဂျက်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ အမှတ် (၁) ဈေးအမိုး အပူဒဏ်လျှော့ချရန် တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ပန်ကာ ၁၆ လုံး တပ်ဆင်ရန် မွန်ပြည်နယ်လွှတ်တော်က စက်တင်ဘာတွင် အတည်ပြုခဲ့ပြီး အဆိုပါဈေးနှုန်းမှာ မြင့်မားလွန်းသည်ဟု လူထုက ဝေဖန်မှုများရှိခဲ့သည်။

ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒု-အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုကမူ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လွှတ်တော်ကော်မတီ၏ စစ်ဆေးမှုကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်ခံယူနေပြီး စစ်ဆေးတွေ့ရှိချက်အရ ကွဲလွဲမှုများ သိပ်မရှိဟု ပြောသည်။

“ကျွန်တော်တို့ဆီကိုတော့ ဘာမှမပြောထားသေးဘူးဗျ။ သူတို့က လိုအပ်လို့ သိချင်တယ်ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီးတော့ သိချင်တဲ့ အချက်အလက်တွေကို လာရောက်ရှင်းလင်းပြပေးပါဆိုရင် ကျွန်တော်တို့ သွားရှင်းပြပေးတယ်” ဟု ၎င်းက ဆိုသည်။

ဈေးတည်ဆောက်ရာတွင် ပုဂ္ဂလိကနှင့် စည်ပင်၏ဆောင်ရွက်မှုမှာ မကွာခြားကြောင်း ဈေးကြိုအဝိုင်းသည်လည်း အဝိုင်းတစ်ခုတည်းမဟုတ်ဘဲ အခြားဆက်စပ်လုပ်ငန်း ၈ ခုခန့် ရှိသောကြောင့် ကျပ် သိန်း ၁၅၀၀ ကုန်ကျရခြင်းဖြစ်ကြောင်း ဒု-အင်ဂျင်နီယာမှူးကြီးက ဆိုသည်။

စည်ပင်သာယာအဖွဲ့အနေဖြင့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် စည်ပင်သာယာလုပ်ငန်းများအတွက် ကျပ် ၂၄ ဘီလျံကျော် သုံးစွဲပြီး ၂၀၁၉-၂၀ တွင်ကျပ် ၄၅ ဘီလျံကျော် သုံးစွဲမည်ဟု ခန့်မှန်းထားရာ ၁၅ ဘီလျံကျော်မှာ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asia Development Bank) ၏ ချေးငွေဖြင့် ဆောင်ရွက်မည်ဟု မွန်ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။

Show More

Related Articles

Back to top button