
တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က သီးခြားတင်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုသည့်ချက်များကို ၄၅ ဦးကော်မတီ၏ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းချိန်တွင် တစ်ပြိုင်တည်း တင်သွင်းမည်ဖြစ်ကြောင်း ယင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ရေး ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစီရင်ခံစာတစ်စောင် တင်သွင်းရာတွင် ယင်းသဘောထားမှတ်ချက်ကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
တပ်နှင့်ပြည်ခိုင်ဖြိုး သီးခြားစီ တင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ၂ ခုကို ၄၅ ဦးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်း၌သာ ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါတွင် အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ပြီးစီးချိန်မှသာ ယင်းပြင်ဆင်ချက်များကို ဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တစ်ပြိုင်တည်း တင်သွင်းရန် ကော်မတီက သဘောထားမှတ်ချက်ပေးခြင်းဖြစ်သည်။
အခန်း ၁၅ ခန်းပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲမှုမှာ လက်ရှိတွင် အခန်း ၅ သို့ ရောက်ရှိနေပြီဟု ၄၅ ဦးပါ ပူးပေါင်းကော်မတီ အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ အစီရင်ခံစာ တင်သွင်းခဲ့သည့် အခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ရေး ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီနှင့် ၄၅ ဦးကော်မတီတို့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာမြတ်ဉာဏစိုးက ၂၀၀၈ အခြေခံဥပဒေကို မည်သို့ပြင်ဆင်ရမည်ဆိုသည့် အသေးစိတ်သတ်မှတ်ပြဋ္ဌာန်းချက်များမရှိသဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ပြောသည်။
“တစ်ခုတည်းဆိုရင်တော့ ပေါင်းလုပ်လိုက်မှာပေါ့၊ အခုက တစ်ခုမကတော့ အကုန်လုံးပေါင်းထည့်ဖို့လည်း မသင့်မြတ်ဘူး၊ အခုက ဖြစ်လာတဲ့အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ပဲ သဘောရိုးနဲ့ပဲ လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုတွေ ချောမွေ့လွယ်ကူဖို့ စီစဉ်တာပါ” ဟု ၎င်းက ဆိုသည်။
သို့သော် ယင်းသို့ လုပ်ဆောင်မည့်အစီအစဉ်ကို လက်မခံနိုင်ကြောင်း တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတို့က မီဒီယာများကို ပြောဆိုသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က “၄၅ ဦးကော်မတီက ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ဟာ အချိန်ကာလ ဘယ်လောက်ကြာမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး” ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးကလည်း တပ်မတော်နှင့်အတူ အစဉ်တစိုက် ရပ်တည်ပြောဆိုလာသကဲ့သို့ပင် ထိုသို့ဆောင်ရွက်လိုခြင်းသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီကြောင်း ပြောသည်။
ဦးသောင်းအေးက “သူတို့ကတော့ ဥပဒေအစအဆုံး ပြင်ဖို့လုပ်တဲ့ဘက်ကို သွားတယ်၊ ကျွန်တော်တို့ကတော့ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုပဲ လုပ်ရမယ်လို့ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ အဲဒီအတိုင်း လုပ်နေတာဖြစ်တယ်” ဟု ဆက်လက်ပြောဆိုသည်။
ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကမူ ကော်မတီ၏ သဘောထားမှတ်ချက်အတိုင်း တစ်ပေါင်းတည်းဆောင်ရွက်ခြင်းမှာ ဆွေးနွေးဆုံးဖြတ်ရာတွင် ပိုမိုလွယ်ကူနိုင်ကြောင်း Myanmar Now ကို မှတ်ချက်ပြုသည်။
“ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲရောက်လာပြီး ဆွေးနွေးခွင့်ရမယ်ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးတို့က သီးခြားစီသော်လည်း၊ ပူးပေါင်း၍သော်လည်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ၅ ခုအထိ ရှိနေပြီဖြစ်သည်။
ယနေ့တင်သွင်းသည့် အခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ရေး ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရန်ရှိပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်မီ အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက ဦးတီခွန်မြတ်က ကြေညာထားသည်။