
မော်လမြိုင်မြို့ အမှတ် (၁) ဈေးတွင် ကျပ် သိန်း ၁၆၀၀ ကုန်ကျမည့် ပန်ကာ ၁၆ လုံးတပ်ဆင်ရန် တင်ဒါခေါ်ထားသော်လည်း လျှောက်ထားသူမရှိသောကြောင့် နောက်တစ်ကြိမ် တင်ဒါထပ်မံခေါ်ယူမည် ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ပြောသည်။
ပန်ကာတပ်ဆင်ရန် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြီးခဲ့သည့် အောက်တိုဘာလလယ်တွင် တင်ဒါခေါ်ယူခဲ့သော်လည်း လျှောက်လွှာပိတ်သိမ်းသည့် နိုဝင်ဘာ ၈ ရက်နေ့အထိ လျှောက်ထားသူမရှိခဲ့ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ဆိုသည်။
၂၀၁၉-၂၀ ခုနှစ် မွန်ပြည်နယ်ဘတ်ဂျက်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ အမှတ် (၁) ဈေးအမိုး အပူဒဏ်လျှော့ချရန် တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ပန်ကာ ၁၆ လုံး တပ်ဆင်ရန် မွန်ပြည်နယ်လွှတ်တော်က စက်တင်ဘာလတွင် အတည်ပြုခဲ့ပြီး အဆိုပါဈေးနှုန်းမှာ မြင့်မားလွန်းသည်ဟု မြို့နေလူထုက ဝေဖန်မှုများရှိခဲ့သည်။
တပ်ဆင်မည့်ပန်ကာမှာ HVLS (High Volume Low Speed) အမျိုးအစားဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ဈေးဝယ်စင်တာ စသည်တို့တွင် အများဆုံးအသုံးပြုသည်။
“(တင်ဒါ) နှစ်ကြိမ်မှ မအောင်မြင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့က ဈေးသူဈေးသားတွေနဲ့ အရင် ပြန်ဆွေးနွေးဦးမယ်။ ဈေးသူဈေးသားတွေလည်း သဘောတူ၊ လက်ခံတယ်ဆိုရင် ကျွန်တော်တို့ဌာနအနေနဲ့ ဝယ်ယူခွင့်တင်ရမယ်၊ အဲဒါလည်း ပစ္စည်းကို တင်ဒါခေါ်ရတာဗျ ထုတ်လုပ်တဲ့ကုမ္ပဏီကို တိုက်ရိုက် quotation (ဈေးနှုန်း) တောင်းရင်လည်းတောင်း အဲလိုပုံစံမျိုးနဲ့ သွားရတာ” ဟု
ဒုအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောသည်။
အလီဘာဘာ (Alibaba) အွန်လိုင်းတွင် ယင်းပန်ကာများ၏ ဈေးမှာ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော် (ကျပ် ၁၅ သိန်းကျော်) မှ ဈေးအမြင့်ဆုံး အမေရိကန်ဒေါ်လာ ၆၀၀၀ (ကျပ် သိန်း ၉၀ ကျော်) အထိရှိကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ Pro 1 Global Home Center သို့ ဈေးနှုန်းစုံစမ်းကြည့်ရာ G=LAMP အမှတ်တံဆိပ် HVLS ပန်ကာမှာ တန်ဖိုး ကျပ် ၆၅ သိန်းခန့်ရှိပြီး ပန်ကာတစ်လုံးလျှင် စတုရန်းပေ ၆၄၀၀ ကျော် (စတုရန်းမီတာ ၆၀၀) အတွက် လုံလောက်သည့် အအေးဓာတ် ပေးနိုင်သည်ဟု ဆိုသည်။
မော်လမြိုင် အမှတ် (၁) ဈေးဝင်းတွင် နှစ်ထပ်ဈေးရုံ လေးရုံရှိပြီး တစ်ရုံလျှင် ၃၅,၂၆၄ စတုရန်းပေ (မျက်နှာစာ ၂၇၅ ပေ ၆ လက်မနှင့် အရှည် ၁၂၈ ပေ) ကျယ်ဝန်းကာ ဈေးဆိုင်ခန်းပေါင်း ၁၃၃၆ ခန်းရှိသည်ဟု ဈေးတာဝန်ခံရုံးခန်းထံမှ သိရသည်။
မွန်ပြည်နယ်အစိုးရက ဝယ်ယူရန် လျာထားသော အဆိုပါပန်ကာဈေးနှုန်းမှာ အလွန်များသည်ဟု မွန်လူထုနှင့် နိုင်ငံရေးသမားများက ဝေဖန်ခဲ့ပြီး လွှတ်တော်က ဝယ်ယူခွင့်ပြုမှုအပေါ်လည်း မေးခွန်းထုတ်နေကြသည်။
“ကျွန်တော်တို့ဘက်က အားနည်းချက်လည်း ပါကောင်းပါနိုင်တယ်ပေါ့နော်၊ အားနည်းချက်ဘာကြောင့်ဖြစ်ရလဲ အကြောင်းရင်းရှိတယ်။ (စက်တင်ဘာ) ၁၉ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးစတယ်၊ ၁၇ ရက်နေ့မှာမှ ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါကျတော့ အကုန်လုံးကို မစစ်နိုင်ဘူး” ဟု
ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။
မွန်ပြည်နယ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာနည်းဥပဒေအရ ဘတ်ဂျက်အတည်မပြုမီ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လွှတ်တော်သို့ အနည်းဆုံး ရက် ၃၀ ကြိုတင်ပေးပို့ရမည်ဖြစ်သော်လည်း ၂ ရက်သာ ကြိုတင်ပို့ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် လွှတ်တော်၌ အတည်ပြုခဲ့သည်ဟု ၎င်းက ပြောသည်။
ပန်ကာဈေးနှုန်းအပေါ် ဝေဖန်မှုများရှိသော်လည်း ဈေးသူဈေးသားများအနေဖြင့် ပန်ကာတပ်ဆင်ရန် လိုလားသည်ဟု ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်ဝင်းက ပြောသည်။
၂၀၁၉-၂၀ ခုနှစ်အတွက် မွန်ပြည်နယ်ဘတ်ဂျက်တွင် အသုံးစရိတ် စုစုပေါင်း ၁၄၀ ဘီလျံခန့် လျာထားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်းမှာ ၃၉ ဒသမ ၁ ဘီလျံရှိသည်။