သတင်း

တအာင်းနှင့် တပ်မတော် ကွတ်ခိုင်၌တိုက်ပွဲဖြစ်၊ ကျောင်းသား ၇၀ နေရာရွှေ့ရ

မြန်မာ့တပ်မတော်၏ ပြင်းထန်သည့် ထိုးစစ်များကြောင့် တပ်မတော်စစ်ကြောင်းများကို ပြန်လည်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)က ၎င်း၏ဝက်ဘ်ဆိုက်မှတဆင့် နိုဝင်ဘာလ ၁၃ ရက် (ယနေ့) တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်က တပ်မတော်နှင့် ၎င်းတို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ကွတ်ခိုင်မြို့နယ် မန်နောင်ရွာအနီးနှင့် ကွတ်ခိုင်မြို့သစ် ဂေါက်ကလပ်အနီးတွင် တပ်မတော်စစ်ကြောင်းများကို လိုအပ်ချက်အရ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

“(နိုဝင်ဘာ) လဆန်းပိုင်းက တပ်က ကျွန်တော်တို့ကို နမ့်ဆန်နဲ့ မန်တုံဘက်မှာ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက် လာတာတွေရှိတယ်။ အဲဒီအတွက် အခုလိုပြန်တိုက်ခိုက်ရတာပါ”

ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ကျဆုံးဒဏ်ရာရ စာရင်းကို မပြောနိုင်သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်အထိ ကုန်တင်ကားများ မြို့ထဲတွင် ရပ်တန့်ထားရကြောင်း မြို့ခံ ဒေါ်လွမ်းညွယ်က Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

မနက် ၇ နာရီဝန်းကျင်ခန့်မှစ၍ လက်နက်ကြီးလက်နက်ငယ် အသံများကို စတင်ကြားရခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင်ရှိသည့် မန်နောင်ဘော်ဒါကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးနှစ်လုံး ကျရောက်ခဲ့သည့်အတွက် ကျောင်းသား ၇၀ ခန့်ကို မြို့တွင်းသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ဒဏ်ရာရတာတော့မရှိဘူး နောက်ထပ် (လက်နက်ကြီးကျည်) ထပ်ကျလာမှာစိုးလို့ ပြောင်းကြတာ”

ဟု ဒေါ်လွမ်းညွယ်က ပြောသည်။

ကွတ်ခိုင်မြို့သည် တိုက်ပွဲများ မကြာခဏဖြစ်ပွားရာ လွိုင်ဆမ်ဆစ်တောင် အနီးတွင်ရှိပြီး တိုက်ပွဲများပြင်းထန်ခဲ့သည့် ဩဂုတ်လအတွင်း ဒေသခံ ၂၀၀၀ ကျော်ခန့် စစ်ရှောင်ခဲ့ရဖူးသည်။

တပ်တော်နည်းပညာတက္ကသိုလ် အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့ရှိ ငါးနေရာကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button