အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာဇော်မြင့်မောင် ထိုင်းတွင် ဆေးကုသမှု ခံယူနေရ

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရေးပါသည့် ထိပ်ပိုင်းခေါင်းဆောင်များတွင် ပါဝင်သည့် န္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေသဖြင့် ခေတ္တဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က တာဝန် ထမ်းဆောင်နေသည်ဟု တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အသေးစိတ်တော့ ပြောလို့မရပါဘူး။ ဝန်ကြီးချုပ်ကတော့ ပြန်မရောက်သေးဘူး” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။ သို့သော် မည်သည့်နေ့ရက်မှစ၍ မည်သည့်ကာလအထိ တာဝန်ယူရန်ရှိသည်နှင့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်တို့ကို ဖြေကြားရန်ကိုမူ ၎င်းက ငြင်းဆိုသည်။

ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးခန်းထဲ ရောက်နေသည်ဟုသာ ပြောသည်။

Myanmar Now က ရရှိထားသော သတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူထားသူ အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်သည် သွေး၊ နှလုံးနှင့်သက်ဆိုင်သော ရောဂါများ ခံစားနေရကြောင်း သိရသည်။

“ဆေးစစ်တဲ့အခါမှာ တချို့သော တွေ့ရှိချက်တွေအရ ကုသရတာမျိုးကတော့ ရှိပါတယ်။ အခြေအနေကတော့ သူပြန်လာမှပဲ သိမှာပါ” ဟု ဒီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ရန်ကုန်မြို့၌ အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပသည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီးတွင် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ဒီချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က Myanmar Now ကို ပြောသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးသည် ဒီချုပ်ပါတီ၏ နိုင်ငံရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးတို့အတွက် လွန်စွာအရေးပါကြောင်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ပြည့်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးက မှတ်ချက်ပြုသည်။

“ထောင်ထဲမှာ ခံစားခဲ့ရတဲ့ ဒဏ်တွေပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း ထိုအချိန်က စစ်အစိုးရက အာဏာလွှဲအပ်ခြင်း မရှိခဲ့ပေ။ ၎င်း၏ နိုင်ငံရေးတွင်ပါဝင်မှုများကြောင့် ၎င်းကို ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၉ နှစ်ကြာအောင် စစ်အစိုးရက ထောင်သွင်း အကျဉ်းချထားခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်လာကာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button