
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီ၊ လွှတ်တော်နှင့် အစိုးရတို့ သုံးပွင့်ဆိုင်တွေ့ဆုံရာတွင် ပါတီတွင်းညီညွတ်ရေး အဓိကထားကြရန် ပါတီခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။
ခုနစ်ကြိမ်မြောက်ကျင်းပသည့် အဆိုပါသုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအနီးရှိ Sky Star ဟိုတယ်တွင် ယနေ့မနက်ပိုင်းက ကျင်းပခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းစည်ပင်ကော်မတီဥက္ကဋ္ဌ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းအစိုးရဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းမှာ မြန်မာနိုင်ငံ၏ အဓိကအချက်အချာဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအရ တစ်နိုင်ငံလုံးကို ဦးဆောင်နေကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“ရန်ကုန်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရှေ့ဆောင်တိုင်း(ဒေသကြီး) ဖြစ်ပါတယ်။ ရထားခေါင်းတွဲကြီးပါ။ လမ်းချော်လို့ မဖြစ်ပါဘူး။ ဒီခေါင်းတွဲကြီး ဖြောင်ဖြောင့်မတ်မတ် သွားနေသ၍ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်ပန်းတိုင် အောင်မြင်မှာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းကို နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြား ပြည်နယ်နှင့် တိုင်းများရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ ကိုယ်တိုင်က စောင့်ကြည့်နေကြကြောင်း၊ ရန်ကုန်တိုင်းအောင်မြင်လျှင် ပါတီ အောင်မြင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၏ ကျရှုံးမှုမှာ ပါတီ၏ ကျရှုံးမှုဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဝမ်းသာစရာကောင်းတာ တစ်ချက်က ဒီလိုတွေ့ဆုံပွဲတွေပြီးရင် ကျွန်တော်တို့အချင်းချင်း ပွတ်တိုက်မှုလေးတွေ ရှိနေတာတွေ အားလုံးအားလုံး မကျေပျက်သွားရင်တောင်မှ ကျေနပ်သွားကြပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံပွဲများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ပါတီဝင်များအကြား ညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ပြည်သူလူထုက ၎င်းတို့ဘက်တွင် ရှိနေသည့်အတွက် ပါတီအနေဖြင့် အခြား မည်သည့်အဖွဲ့အစည်းကိုမှ စိုးရိမ်နေဖို့ မလိုအပ်ဘဲ ပါတီတွင်း စည်းလုံးညီညွတ်မှုကို အဓိကထား လုပ်ဆောင်ဖို့သာ လိုအပ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD ပါတီဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ အကြားတွင် ပွတ်တိုက်မှုများ ရှိနေပြီး လတ်တလောတွင် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ တိုက်ရိုက် ဖတ်ရှုခွင့်မရရှိတော့သည့် အပေါ်တွင် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များအကြား အငြင်းပွားမှုများ ဖြစ်နေသည်။
ယခုနှစ် ဇူလိုင်လက မန္တလေးတိုင်းတွင် အလားတူတွေ့ဆုံပွဲ ကျင်းပခဲ့ပြီး၊ ဩဂုတ်လတွင် စစ်ကိုင်းတိုင်း၊ အောက်တိုဘာလတွင် ရှမ်းပြည်နယ်တို့၌ သုံးပွင့်ဆိုင်တွေ့ဆုံပွဲများ ကျင်းပခဲ့သည်။