အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ်တွေ့ရှိချက် ပြည်သူ့ငွေစာရင်းကော်မတီက ရှေ့လဆန်းထုတ်ပြန်မည်

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က တင်သွင်းထားသော ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစီရင်ခံစာအပေါ် ရန်ကုန်လွှတ်တော်ကော်မတီက လေ့လာဆန်းစစ်ထားသည့် အစီရင်ခံစာမှာ နိုဝင်ဘာလဆန်းတွင် ထွက်ရှိမည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များက ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းလွှတ်တော်အမတ်များက တိုက်ရိုက်ဖတ်ရှုခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင်မူ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထွက်ပေါ်လာမှသာ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဆွေးနွေးခွင့် ရရှိတော့မည် ဖြစ်သည်။

ထိုသို့ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုက်ရိုက်ဖတ်ရှုခွင့် မရရှိတော့ခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးကို ကန့်သတ်လိုက်ရုံသာမက ပြည်သူများ၏ သိပိုင်ခွင့်အခွင့်အရေးကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ကြသည်။

ဘဏ္ဍာရေး၊ စီးပွားရေးနှင့် စီမံကိန်းကော်မတီကို ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တွင် စာရင်းစစ်ချုပ်အစီရင်ခံစာကို အစီရင်ခံရန်အချက်လည်း ပါဝင်ပြီး စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုက်ရိုက်ဖတ်ရှုခွင့် မရခြင်းမှာ ယင်းတာဝန်ကို ထမ်းဆောင်ရန်အတွက် အခက်အခဲ ဖြစ်စေသည်ဟု ယင်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဆိုသည်။

“ကျွန်တော်တို့ ကော်မတီရဲ့ လုပ်ငန်း၊ တာဝန် ပေးအပ်ထားတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာ အစီရင်ခံလာလို့ရှိရင် ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ စီမံကိန်း ကော်မတီအနေနဲ့ ငွေစာရင်းတွေကို သေသေချာချာ ကြည့်ရှုပြီးတော့ လွှတ်တော်ကို အစီရင်ခံရမယ်။ အဲဒီတာဝန်ကို ကျွန်တော်တို့ကို (လုပ်ခွင့်) မပေးတာ” ဟု ၎င်းက ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာကို ဆွေးနွေးခဲ့သည့်အခါက ရန်ကုန်တိုင်းအစိုးရ၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် အားနည်းချက်များ ပေါ်ပေါက်ခဲ့သည့်အတွက် ယခု ၂၀၁၈-၁၉ စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းအစိုးရက ထိန်းချုပ်လိုက်ခြင်းဟု ယူဆကြောင်း ၎င်းက ပြောသည်။

သို့သော် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ၎င်းတို့ကော်မတီက ထုတ်ပြန်မည့် လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်များ အကုန်နီးပါး ထည့်သွင်းထားသည်ဟု ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ဒီအစီရင်ခံစာကို မရဘူးဆိုတဲ့ဟာကို ပြေလည်ဖို့အတွက် စားရင်းစစ်ချုပ် အစီရင်ခံစာမှာပါတဲ့ အချက်အလက် တော်တော်များများကို ၉၀ ရာခိုင်နှုန်းကျော်ကို Report (ပြည်သူ့ငွေစာရင်းကော်မတီ လေ့လာသုံးသပ်ချက် အစီရင်ခံစာ) ထဲမှာ ပြန်ပါလာအောင် ကျွန်တော်တို့က ရေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ပြုလုပ်လိုက်သည့်အတွက် အားသာချက်မှာ ကော်မတီအနေဖြင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများကို ခေါ်ယူတွေ့ဆုံနိုင်ခဲ့ပြီး ၎င်းတို့ကော်မတီက ထုတ်ပြန်မည့် အစီရင်ခံစာတွင် ဌာနဆိုင်ရာများ၏ ဖြေရှင်းချက်ကိုပါ ထည့်သွင်းနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

စာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြည်သူ့ငွေစာရင်းကော်မတီသို့ ပေးပို့ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာမှတစ်ဆင့် ထုတ်ပြန်စေခြင်းမှာ ပြည်ထောင်စုလွှတ်တော်တွင် အသုံးပြုနေသည့် မူနှင့် ပုံစံတူနေသည်ဟု ဦးတင့်လွင်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော်နာယကမှတစ်ဆင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသို့ ပေးပို့လိုက်ပြီး ကော်မတီက လေ့လာသုံးသပ်ချက် အစီရင်ခံစာ ရေးသားပြီး လွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button