သတင်း

တပ်တွင်းမဲရုံများကိစ္စ တပ်မတော်နှင့် ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းမည်

အငြင်းပွားဖွယ်ဖြစ်နေသည့် တပ်တွင်းမဲရုံများ ထားရှိမှုကိစ္စကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တွင် တပ်မတော်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ​ဦးမြင့်နိုင်က ပြောဆိုသည်။

ရွေးကောက်ပွဲဥပဒေအရ တပ်မတော်သားနှင့် တပ်မိသားစုဝင်များ၏ မဲစာရင်းမှာ ရပ်ကွက်မဲစာရင်းတွင်သာ ပါရှိရမည်ဖြစ်ပြီး၊ တပ်တွင်းမဲရုံ ထားရှိရန်လည်း ရွေးကောက်ပွဲဥပဒေတွင် မပါရှိကြောင်းနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက ယင်းကိစ္စကို ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း ဦးမြင့်နိုင်က ပြောသည်။

တပ်တွင်းမဲရုံများ မထားရှိဘဲ နီးစပ်ရာ မဲဆန္ဒနယ်မြေအတွင်းရှိ မဲရုံများတွင် တပ်မိသားစုဝင်များ လွတ်လပ်စွာ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး အခြေအနေအရ တပ်တွင်းမဲရုံများ ထားရှိရမည်ဆိုပါကလည်း စောင့်ကြည့်လေ့လာသူများ၊ သတင်းမီဒီယာများနှင့် ပြည်သူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရန် တပ်မတော်နှင့် ညှိနှိုင်းသွားမည်ဟု ​ဦးမြင့်နိုင်က ပြောသည်။

“၂၀၂၀မှာ စောင့်ကြည့်လေ့လာသူတွေ၊ ပြည်သူတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ မဲရုံတွေဖြစ်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားတာလည်း ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တပ်တွင်းမဲရုံများ ထားရှိခြင်းနှင့် တပ်တွင်းကြိုတင်မဲပေးခြင်းကို ကန့်ကွက်ကြောင်း NLD ပါတီ ခေါင်းဆောင်ပိုင်းကလည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပါတီဌာနချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက တပ်တွင်းမဲရုံနှင့် တပ်တွင်းကြိုတင်မဲ ပြဿနာမှာ ရွေးကောက်ပွဲကျင်းပသည့် အချိန်တိုင်း ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ တောက်လျှောက် ရွေးကောက်ပွဲကာလတိုင်းမှာ ကန့်ကွက်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ခုရောဆိုတော့ ဒီကိစ္စက ဥပဒေကြောင်း ပြဿနာမို့လို့ ဆက်ပြီးတော့ ဒီအတိုင်းပဲ ရပ်တည်ပြီး တောင်းဆိုရမှာပဲ” ဟု ၎င်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းကြိုတင်မဲကိစ္စများကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန် လိုမည်ထင်ကြောင်း၊ ကြိုတင်မဲကို မထိန်းနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲဟု ပြော၍ရမည်မဟုတ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ Myanmar Now က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရခဲ့ပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ရေတပ်စခန်းအခြေစိုက်ရာ ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီမှ ဦးဝင်းမင်းက ကိုကိုးကျွန်းမဲဆန္ဒနယ်မြေမှ မဲစာရင်းကို ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ မဲစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးသည့်အခါတွင် တပ်မိသားစုဝင် မဲဆန္ဒရှင် ၂၀၀၏ အမည်များမှာ တူညီနေ၍ ကန့်ကွက်ခဲ့ရကြောင်း ပြောဆိုသည်။

ထိုမဲဆန္ဒနယ်မြေတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မြေအားလုံး ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဦးတင်ဝင်းနှင့် ဦးအောင်နိုင်တို့ အနိုင်ရခဲ့သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်တော့ ကိုကိုးကျွန်းမဲဆန္ဒနယ်နှင့် ပတ်သက်ပြီး မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို စီစဉ်ထားရှိကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်မောင်က Myanmar Now ကို ပြောသည်။
 

“ကိုကိုးကျွန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စီမံကိန်းတွေ ချနေပါတယ်။ အဲဒီကို သွားနိုင်ဖို့ကို ကျွန်တော်တို့ ဆက်ကြိုးစားဦးမယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ကိုကိုးကျွန်းမဲဆန္ဒနယ်ကို အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် စိစစ်သွားရန်ရှိသည်ဟု Myanmar Now ကို ပြောသည်။
 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများအပါအဝင် နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၄၀,၀၀၀ ကျော်တွင် မဲဆန္ဒရှင် ၃၄ သန်းကျော်က မဲပေးခဲ့ကြသည်။

Show More

Related Articles

Back to top button