သတင်း

ကာလုံလက်ထဲ အာဏာပိုထည့်မည့် ခြေဥပြင်ဆင်ရေးဥပဒေကြမ်းကို တပ်နှင့် ပြည်ခိုင်ဖြိုး တင်သွင်း

တပ်မတော်ကိုယ်စားလှယ် ပိုမိုပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်များကို ဖျက်သိမ်းနိုင်မည့် အချက်ပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ တင်သွင်းလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းများကို တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ယနေ့ပြည်ထောင်စုလွှတ်တော်တွင် တစ်ပြိုင်တည်း ထပ်မံတင်သွင်းလိုက်ခြင်းဖြစ်ပြီး တပ်မတော်က ဥပဒေကြမ်းတစ်ခု သီးခြားတင်သွင်းသလို ပြည်ခိုင်ဖြိုးပါတီနှင့်ပေါင်း၍လည်း ဥပဒေကြမ်းတစ်ခု တင်သွင်းသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သမ္မတအရည်အချင်း ကန့်သတ်ချက်ဖြစ်သည့် ပုဒ်မ ၅၉(စ) ကို ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်းမှာပါ ထပ်ဖြည့်လိုသည့် အချက်ပါသော အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတစ်စောင်ကို တပ်က တင်သွင်းခဲ့သေးသည်။

ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင် ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်များ အပါအဝင် ၁၄၅ ဦးက တင်သွင်းသော ဥပဒေကြမ်းတွင် ကာ/လုံ၏ လုပ်ပိုင်ခွင့်များ ပြင်ဆင်ရန် အချက်များ ပါရှိခြင်းဖြစ်သည်။

တပ်မတော်ကသီးခြားတင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတွင် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့၏ လုပ်ပိုင်ခွင့်အာဏာ ပိုမိုတိုးမြှင့်ပေးရန် ရည်ရွယ် ပြင်ဆင်ထားခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများ နုတ်ထွက်လိုလျှင်ဖြစ်စေ၊ နုတ်ထွက်မှုကြောင့် လစ်လပ်သွားလျှင်ဖြစ်စေ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အချို့ကို လျှော့ချ၍ တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးလိုသည့် ပြင်ဆင်ချက်များဖြစ်ကြောင်း တွေ့ရသည်။

တပ်နှင့် ပြည်ခိုင်ဖြိုး ပူးပေါင်းတင်သွင်းသည့် ဥပဒေကြမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပုဒ်မ ၂၀၁ ကာ/လုံ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မတွင် တာဝန်များကို ထပ်မံထည့်သွင်းခြင်းဖြစ်ပြီး ပုဒ်မခွဲ (ခ)အဖြစ် အချက် ၇ ချက် ထပ်ထည့်ရန် ဖော်ပြထားသည်။

ယင်း ၇ ချက်တွင် ၂ ချက်မှာ လွှတ်တော်ဖျက်သိမ်းမှု အခွင့်အာဏာနှင့် သက်ဆိုင်နေသည်။

ဥပ‌ဒေပြုရေးဖြစ်သည့် လွှတ်တော်နှင့် အုပ်ချုပ်ရေးကဏ္ဍတို့ အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာပါက လွှတ်တော်များကို ဖျက်သိမ်း သင့်/မသင့် နိုင်ငံတော်သမ္မတကို ကာ/လုံက အကြံပြုရမည်ဆိုသော အချက်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ် သုံးပုံတစ်ပုံနှင့်အထက် လစ်လပ်သွားပါက ဖျက်သိမ်း အကြံပြုရမည်ဆိုသော အချက်တို့ဖြစ်သည်။

ဥပ‌ဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ အပြန်အလှန်ထိန်းကျောင်းမှု ဆိုသည်မှာ အငြင်းပွားဖွယ်ဖြစ်ပြီး မည်သည့်အခြေအနေမျိုးတွင် အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းသည်ဟု တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

ဒုတိယအချက်မှာလည်း လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်မှာ လေးပုံတစ်ပုံ ရှိနေသည်ဖြစ်ရာ သုံးပုံတစ်ပုံ ပြည့်ရန် ရာခိုင်နှုန်းအနည်းငယ်သာ လိုတော့သဖြင့် မည်သို့ရည်ရွယ်သည်ကို စဉ်းစားစရာရှိနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“ဒီမိုကရေစီနဲ့ အလှမ်းကွာသွားပြီးတော့မှ စစ်အုပ်ချုပ်ရေးကို ပိုပြီးပစားပေးလာတဲ့ ရည်ရွယ်ချက်မျိုး လုပ်နေတယ်လို့ အဖြေထွက်မှာပေါ့” ဟု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ဆိုသည်။

ယင်းအပြင် ကောင်စီအစည်းအ‌‌ဝေးကို ၂ လတစ်ကြိမ် ပုံမှန်ကျင်းပရန်နှင့် လိုအပ်ပါက အထူးအစည်းအ‌ဝေးခေါ်ရန်၊ အနည်းဆုံး ကောင်စီဝင် ၅ ဦး တောင်းဆိုပါက အစည်းအ‌ဝေးခေါ်ယူရန်၊ ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကောင်စီဝင်အားလုံး၏ ဆန္ဒသဘောထားကို အလေးထား၍ နိုင်ငံတော်သမ္မတက ဆုံးဖြတ်ရန်ဆိုသော အချက်များလည်း ပါရှိသည်။

ယင်းအချက်များမှာ ကာ/လုံ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပြဋ္ဌာန်းထားခြင်းဖြစ်သလို တပ်မတော်ကိုယ်စားပြုသူ ၆ ဦးအထိ ပါနေမှုကို အသုံးပြုပြီး ကာ/လုံမှတစ်ဆင့် သမ္မတလုပ်ပိုင်ခွင့်ကို ထိန်းကျောင်းနိုင်ရန် ရည်ရွယ်ထားသော အချက်များလည်း ဖြစ်ကြောင်း တွေ့ရှိရသည်။

“သမ္မတရဲ့ နိုင်ငံတော်၏ အထွတ်အထိပ်အာဏာကို တပ်မတော်သားအများစုပါတဲ့ ကောင်စီကို ပေးချင်တဲ့သဘောပေါ့၊ အရေးပေါ်ကာလလိုကိစ္စရှိမှ အလုပ်လုပ်စရာရှိ (အစည်းအဝေးခေါ်)တဲ့ အ‌ခြေအနေကနေ တစ်ချိန်လုံး အကုန်လုံးကို ကာ/လုံက ထိန်းကျောင်းဖို့ ထည့်တဲ့သဘော” ဟု

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က သုံးသပ်သည်။

ယင်းနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်မေးမြန်းသော်လည်း မှတ်ချက်ပေးရန် ငြင်းဆိုသည်။

ကာ/လုံဟု ခေါ်ဆိုကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ၊ ပြည်သူ့လွှတ်‌တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် လွှတ်‌တော် ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးမှအပ ကျန် ၆ ဦးဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုသမ္မတ (တပ်မတော်သား အစုအဖွဲ့မှ တင်သွင်းသူ)၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှာ တပ်မတော်နှင့် ဆက်နွှယ်သူများဖြစ်သည်။

Show More

Related Articles

Back to top button