ဦးဝီရသူ၏ပိုင်ဆိုင်မှုကို ဝရမ်းစွဲကပ်၍ တရားရုံးသို့ တင်ပို့ရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မန္တလေးခရိုင်ရဲတပ်ဖွဲ့ကို ညွှန်ကြားထားသော်လည်း သတ်မှတ်နောက်ဆုံးရက် ဖြစ်သည့် ယနေ့တွင် ရဲတပ်ဖွဲ့က လာရောက်တင်ပြခြင်းမရှိကြောင်း တရားရုံးပြန်ကြားရေးတာဝန်ခံက ဆိုသည်။
အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူ ထွက်ပြေးတိမ်းရှောင်နေ၍ ၎င်း၏ ပိုင်ဆိုင်မှု ပစ္စည်းများကို ဝရမ်းကပ်ရန် သြဂုတ်လ ၉ ရက်က အမိန့်ချမှတ်ခဲ့ပြီး မန္တလေးခရိုင်ရဲတပ်ဖွဲ့အနေဖြင့် စက်တင်ဘာ ၉ ရက်တွင် ထိုသို့ဝရမ်းကပ်ထားခြင်းအပေါ် တရားရုံးသို့ တင်ပြရန် ညွှန်ကြားခဲ့သည်။
သို့သော် ယနေ့ စက်တင်ဘာ ၉ ရက် (၈ ကြိမ်မြောက်) ရုံးချိန်းတွင် မန္တလေး ခရိုင်ရဲတပ်ဖွဲ့က တင်ပြလာခြင်း မရှိသည့်အတွက် တရားရုံးအနေဖြင့် ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်၍ မရသဖြင့် ရဲတပ်ဖွဲ့က ဝရမ်းပြန်သွင်းနိုင်စေရန် စက်တင်ဘာ ၂၃ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း တရားရုံး၏ ယာယီပြန်ကြားရေး တာဝန်ခံ ဦးကြည်မင်းစိုးက ပြောသည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိုင်းလှထူးထံ ဆက်သွယ်မေးမြန်းရာတွင် လုပ်ငန်းစဉ် မပြီးသေး၍ ဦးဝီရသူ၏ပိုင်ဆိုင်မှု ဝရမ်းကပ်စွဲခြင်းအပေါ် တရားရုံးသို့ ပြန်မအပ်နိုင်ခြင်း ဖြစ်ကြောင်း ဆိုသည်။ ဦးဝီရသူ ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ပြီးပြီလားဟူသည့် မေးခွန်းကိုမူ ဖြေကြားခြင်း မရှိပေ။
သြဂုတ်လ ၁၁ ရက်တွင် ဦးဝီရသူ၏ပိုင်ဆိုင်မှုကို ဝရမ်းကပ်စွဲရန် ၎င်း၏ကျောင်းတိုက်သို့ သွားရောက်ရာတွင် ဦးဝီရသူပိုင်ဆိုင်သည်မှာ သင်္ကန်းသုံးစုံနှင့် သပိတ်တစ်လုံးသာ ရှိကြောင်း မစိုးရိမ်ကျောင်းတိုက်သစ်၊ နာယက ဆရာတော်ကြီးက မိန့်ကြားခဲ့ပြီး ဝရမ်းကပ်ခြင်းကို ငြင်းဆိုခဲ့ကြောင်း ဝရမ်းကပ်ရန်လိုက်ပါသူများအနက် စိန်ပန်းရပ်ကွက် အကွက်မှူး ဦးဌေးကျော်က Myanmar Now ကို ဖြေကြားခဲ့သည်။
- သတ်မှတ်ရက်ရောက်သော်လည်း လာအဖမ်းမခံ၍ ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းကပ်မည်
- ဦးဝီရသူတွင် ပိုင်ဆိုင်မှုမရှိ၍ ဝရမ်းကပ်နိုင်ခြင်း မရှိဟုဆို
ဦးဝီရသူကို အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။ မေလ ၅ ရက်က မဟာဗန္ဓုလပန်းခြံ ကားပါကင်နေရာတွင် ဦးဝီရသူသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုခြင်း၊ အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုခြင်းတို့ လုပ်ဆောင်သည်ဆိုကာ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သမ္မတရုံးနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်ဖြင့် မေလ ၂၈ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်ပြီး “နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်” ဟုလည်းကောင်း၊ “ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း …။ ဒါကြီးကိုပဲ သမ္မတ ဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့” စသည့် ပြောဆိုမှုများ ပါဝင်သည်။
ဦးဝီရသူသည် တရားမရင်ဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်း၏မျက်ကွယ်တွင် တရားလိုပြသက်သေများ ၉ ဦးထိ စစ်ဆေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အမိန့်ကြေညာချက်ကိုလည်း ထုတ်ခဲ့သည်။ ၎င်းအမိန့်မှာ ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်း လာရောက်အဖမ်းခံ၊ ဖြေရှင်းရန် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။
ယင်းကြေညာချက်များကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင်းရှိ ဓမ္မသဟာယကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးတို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က ကပ်ထားခဲ့ပြီးဖြစ်သည်။
သို့သော် ဦးဝီရသူမှာ ရက် ၃၀ ကြာသည်အထိ တရားရုံးထံ ရင်ဆိုင်ဖြေရှင်းခြင်း မရှိသည့်အတွက် ၎င်း၏ပိုင်ဆိုင်မှုကို ဝရမ်းစွဲကပ်ရန် တရားရုံးက အမိန့်ချပြီး စက်တင်ဘာ ၉ ရက်ထိ တစ်လကြာ ထပ်မံ စောင့်ဆိုင်းခဲ့သည်။
ထို့ကြောင့် အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူအမှု ၉ ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာလ ၂၃ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။ သူ့အမှုမှာ အမှုစဖွင့်ချိန်မှစ၍ စက်တင်ဘာ ၉ ရက်ထိဆိုလျှင် ရက်ပေါင်း ၁၀၄ ရက် ရှိပြီ ဖြစ်သည်။