
ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များအတွင်း မြန်မာ့တပ်မတော်က တန်ပြန် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအဖွဲ့၏ တွေ့ရှိချက်များကို အခြေခံကာ တာဝန်ရှိသည့် မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိ ငါးဦးကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
ထို ပစ်မှတ်ထား အရေးယူခံရသည့် အရာရှိငါးဦးမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးတွင် ပါဝင်ခဲ့သည့် ခြေမြန်တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ ခြေမြန်တပ်မ (၃၃) တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင် နှင့် ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုးတို့ဖြစ်သည်ဟု ဖော်ပြထားသည်။
၎င်းတို့အား ငွေကြေးပိုင်းဆိုင်ရာနှင့် ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်လိုက်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဩစတြေးလျသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနက် ဗိုလ်ချုပ်မောင်မောင်စိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့မှာ အခြားသော ထိပ်တန်း လုံခြုံရေးခေါင်းဆောင် အချို့နှင့်အတူ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့၏ အရေးယူပိတ်ဆို့မှုကို ပြီးခဲ့သည့် လပိုင်းအတွင်းကတည်းက ခံထားရသူများလည်း ဖြစ်သည်။
အရေးယူခံထားရသည့် ဗိုလ်ချုပ်မောင်မောင်စိုးကို ဇွန်လ ၂၅ ရက်နေ့ကတည်းက တပ်မတော်မှ ထုတ်ပယ်ထားပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇောကိုမူ မေလ ၂၂ ရက်နေ့ကတည်းက ကျန်းမာရေးအရ နုတ်ထွက်ခွင့် ပြုထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် နှစ် ဩဂုတ်လအတွင်းက ARSA (အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်) ဟု မိမိဘာသာ အမည်ပေးထားသော စစ်သွေးကြွအဖွဲ့က ရခိုင်မြောက်ပိုင်းရှိ နယ်ခြားရဲကင်းများကို ချုံခိုတိုက်ခိုက်ခဲ့သည့် နောက်ပိုင်းတွင် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်း နယ်မြေရှင်းလင်းရေးဖြစ်စဉ်များအတွင်း ဥပဒေမဲ့လူသတ်မှု၊ အစုလိုက်အပြုံလိုက် မုဒိမ်းပြုကျင့်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲထားသည်။