
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒုတိယမြောက်တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်း၌သာ ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ယနေ့ မဲခွဲဆုံးဖြတ်လိုက်သည်။
ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၉၈ ဦးတွင် ဥပဒေကြမ်းကို ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်း၌သာ ထည့်သွင်းဆောင်ရွက်ရန် ၃၇၆ ဦးက ထောက်ခံခဲ့ကြပြီး၊ ကန့်ကွက်သူ ၂၀၃ ဦး၊ ကြားနေ ၄ ဦးဖြစ်ကာ မဲမပေးခဲ့သူ ၁၅ ဦး ရှိခဲ့သည်။
ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “ အခုလို လုပ်ဆောင်မှုမျိုးတွေကတော့ မသင့်တော်ဘူး” ဟု မှတ်ချက်ပြုသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အချက်ပေါင်း ၃၇၆၆ ချက်ပါရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။
ထိုကော်မတီကို NLD ကိုယ်စားလှယ် ၁၈ ဦး၊ တပ်ကိုယ်စားလှယ် ရှစ်ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အနိုင်ရ အင်အားကြီးပါတီ၏ သဘောထားသာ လွှမ်းမိုးနေ၍ဟုဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းက ကော်မတီဝင် ၃ ဦး နုတ်ထွက်စာတင်ခဲ့သည်။
- ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်တစ်ဦး နုတ်ထွက်
- အခြေခံဥပဒေပြင်ရေးပူးပေါင်းကော်မတီမှ ရခိုင်အမတ်နှစ်ဦး နုတ်ထွက်ပြန်
ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း တင်သွင်းခဲ့ဖူးပြီး ယခုကဲ့သို့ပင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ပထမအကြိမ်တွင် ပြည်ခိုင်ဖြိုးအမတ် ဦးသိန်းထွန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးသည် လက်ရှိအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအနက် သမ္မတက တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များကို တိုက်ရိုက်ခန့်အပ်နိုင်ခြင်းအစား သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် လွှတ်တော်များက ရွေးချယ်ခန့်အပ်နိုင်ရန်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်နိုင်ရန် စသည့် အချက်များကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ပြောဆိုသည်။
- ပြည်ခိုင်ဖြိုးတင်သွင်းသည့် အခြေခံဥပဒေပုဒ်မပြင်ရေး သီးခြားဆွေးနွေးရန် သဘောထားကွဲနေ
- အခြေခံဥပဒေပြင်ဆင်ရေး တပ်-ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်တို့ သဘောထားကွဲလွဲမှု ပိုကြီးလာ
ထို့ပြင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်များသည် လက်ရှိအခြေခံဥပဒေ အခန်း ၁၂ (ပြင်ဆင်ခြင်း)ပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။
၂၀၀၈ အခြေခံဥပဒေ အခန်း (၁၂)တွင် အခြေခံဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး တင်သွင်းရမည်ဟူသော ပြဋ္ဌာန်းချက်ကို ၄င်းက ရည်ညွှန်းခြင်းဖြစ်ပြီး “အခုက မူကြမ်းကို မတင်သွင်းရသေးဘူး” ဟု ဦးသိန်းထွန်းဦးက ဝေဖန်သည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အထူးအရေးကြီးအဆို တင်သွင်းကာ များရာမဲဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခဲ့ခြင်းသည် အခြေခံဥပဒေ အခန်း (၁၂) ပါ ပြင်ဆင်ရေး ပြဋ္ဌာန်းချက်များနှင့် မညီဟု တပ်မတော်သားကိုယ်စားလှယ်များကလည်း တစိုက်မတ်မတ် ကန့်ကွက်ခဲ့ကြသည်။