သတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်တစ်ဦး နုတ်ထွက်

လက်ရှိဆောင်ရွက်နေသည့် အခြေခံဥ‌ပဒေပြင်ဆင်‌ရေးသည် အာဏာရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ သဘောအတိုင်းသာဖြစ်လာနိုင်သည်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ကြောင်း ကော်မတီဝင် ဦးစိန်ဝင်းက ယနေ့ ကြေညာလိုက်သည်။

အဖွဲ့ဝင် ၄၅ ဦးပါဝင်သည့် အဆိုပါကော်မတီက အချက်ပေါင်း ၃၇၆၆ ချက်ပါရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။ ကော်မတီအတွင်း ဥပဒေကြမ်းရေးဆွဲရာတွင် ကွဲလွဲမှုများအပေါ် မဲခွဲပါက လျှို့ဝှက်မဲစနစ်မသုံးဘဲ လက်ညှိုးထောင်ခိုင်းခြင်းကြောင့် မျှတမှုမရှိဟု ၎င်းက သုံးသပ်သည်။ 

“အဲဒီတော့ NLD အဆိုပြုတာချည်းပဲ အတည်ဖြစ်သွားတယ်လေ၊ သူတို့က လူဦးရေများတာကို” ဟု အသက် ၆၂ နှစ်အရွယ် NLD ပါတီဝင်ဟောင်း ဦးစိန်ဝင်းက ပြောသည်။

ထို့ပြင် ပူးပေါင်းကော်မတီအတွက် ချမှတ်ထားသောမူဝါဒများကို အကောင်အထည်ဖော်မှု အားနည်းနေသည်ဟု ဦးစိန်ဝင်းက ဝေဖန်သည်။ ဥပမာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ကြောင်း ဆိုထားသော်လည်း ဥပဒေကြမ်းတွင် တိတိကျကျ ရေးသားထားခြင်းမရှိဟု ၎င်းက ဆိုသည်။ 

“ဗမာတွေကပေါင်းလုပ်တယ်ဆိုပြီးဖြစ်လာရင် ကျွန်တော်အပါမခံနိုင်ဘူး” ဟု ၂၀၁၇ ခုနှစ်က NLD မှ နုတ်ထွက်ပြီး အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်ကာ ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးစိန်ဝင်းကဆိုသည်။

NLD ပါတီဝင် ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကမူ 

“နုတ်ထွက်ခွင့်ပြုမပြုဆိုတာက လွှတ်တော်ပေါ်မူတည်ပါတယ်။ လွှတ်တော်ကို တင်ပြရမှာပါ” ဟု ပြောသည်။ 

ပူး‌ပေါင်းကော်မတီအပေါ် တပ်မတော်၏သဘောထားကို မေးမြန်းရာ  တပ်မတော်သားကိုယ်စားလှယ်များ၏ ပြည်သူ့လွှတ်တော်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က‌ သီးခြားမှတ်ချက်ပြုရန် မရှိသေးဟု‌ပြောသည်။ 

ရခိုင်အမျိုးသားပါတီဝင်အချို့ နုတ်ထွက်ရန်ရှိသည်ဟု သတင်းရရှိသော်လည်း ယနေ့ နေ့လယ်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကော်မတီတစ်ခု ဖွဲ့ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က တင်သွင်းသည့်အဆိုကို ဖေဖော်ဝါရီလဆန်းတွင် လွှတ်တော်က မဲခွဲအတည်ပြုပြီးနောက် ကော်မတီကို လွှတ်တော်တွင်း မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုကော်မတီကို NLD ကိုယ်စားလှယ်၁၈ဦး၊ တပ်ကိုယ်စားလှယ် ရှစ်ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

Show More

Related Articles

Back to top button