သတင်း

အခြေခံဥပဒေပြင်ဆင်ရေး တပ်-ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်တို့ သဘောထားကွဲလွဲမှု ပိုကြီးလာ

စစ်တပ်ကျောထောက်နောက်ခံပြု အတိုက်အခံပါတီကြီးက တင်သွင်းထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပင်နီလွှမ်းသောလွှတ်တော်က ဖွဲ့စည်းပေးထားသည့် ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အောက်သို့ ထည့်သွင်းရန်ဆိုသည့်အချက်သည် “အခြေခံဥပဒေကို ဖောက်ဖျက်ရန် အကြိမ်ကြိမ် တွန်းအားပေးနေခြင်းဖြစ်သည်ဟု တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ဝေဖန်သည်။

အာဏာရပါတီက ၎င်း၏ရွေးကောက်ပွဲကတိအတိုင်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ငါးနှစ်သက်တမ်းမကုန်မီ အရှိန်မြှင့် ကြိုးပမ်းလာချိန်တွင် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဥပဒေမူကြမ်းတစ်ခု အပြိုင်တင်သွင်းခဲ့ပြီးနောက် လွှတ်တော်အတွင်း တပ်နှင့်ပြည်ခိုင်ဖြိုးက တစ်ဖက်၊ ဒီချုပ်က တစ်ဖက် အားပြိုင်မှု မြင့်တက်လာခဲ့သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေး အရေးကြီးအဆိုကို တပ်နှင့်ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက် တင်သွင်းခဲ့ကြသည်။

ပြည်ခိုင်ဖြိုးအမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းထွန်းနှင့် ဒေါက်တာမောင်သင်းတို့က အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းများကို ဖေဖော်ဝါရီလ ၁၉ ရက်နှင့် မတ်လ ၁၅ ရက်နေ့တို့တွင် အသီးသီး တင်သွင်းခဲ့ကြသည်။

ဦးသိန်းထွန်း၏ ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ဘဲ ဒေါက်တာမောင်သင်း၏ ဥပဒေမူကြမ်းကို လေ့လာရန်အတွက် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီများမှ ၁၅ ဦးစီပါဝင်သော လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ရာ ထိုကော်မတီက ဒေါက်တာမောင်သင်း၏ ဥပဒေမူကြမ်းကို လက်ရှိအာဏာရပါတီ၏ ဦးဆောင်မှုဖြင့် သွားနေသည့် အခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းထဲသို့ ပူးပေါင်းထည့်သွင်းရန် ယခုလ ၁၅ ရက်နေ့တွင် လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် လုပ်ငန်းစဉ် နှစ်ရပ်ကို အာဏာရပါတီနှင့် အတိုက်အခံပါတီတို့က အပြိုင်တင်သွင်းလာသည့်အခါ သီးခြားဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းမရှိသည့်အတွက် မဲခွဲဆုံးဖြတ်ပြီး အဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီက ရေးဆွဲနေသည့် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အတွင်း ထည့်သွင်းခဲ့ရခြင်းဖြစ်သည်ဟု ထိုကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ယခုလ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုအစီရင်ခံစာကို ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသူ ၁၇ ဦးအနက် တပ်မတော်သား ကိုးဦးနှင့် ပြည်ခိုင်ဖြိုးမှ သုံးဦးတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းထွန်း ဥပဒေကြမ်းတင်သွင်းစဉ်က တစ်ကြိမ်၊ ယခု ဒေါက်တာမောင်သင်း၏ ဥပဒေကြမ်းနှင့်ပတ်သက်၍ တစ်ကြိမ် ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်အတွင်းသို့ ထည့်သွင်းရန် လုပ်ဆောင်နေခြင်းမှာ အခြေခံဥပဒေကို ဖောက်ဖျက်ရန် အကြိမ်ကြိမ် တွန်းအားပေးနေခြင်းဖြစ်သည်ဟု တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇာနည်ထက်အောင်က ဆွေးနွေးသည်။

ထို့ပြင် ဒေါက်တာမောင်သင်းနှင့်အဖွဲ့သည် ဥပဒေကြောင်းအရ ဖွဲ့ထားတဲ့အဖွဲ့ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ဖို့ ခွင့်ပြုသင့်” ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးအေးသဉ္ဇာကျော်ကလည်း ဆွေးနွေးသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အထူးအရေးကြီးအဆိုတင်သွင်းကာ များရာမဲဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခဲ့ခြင်းသည် အခြေခံဥပဒေ အခန်း (၁၂) ပါ ပြင်ဆင်ရေး ပြဋ္ဌာန်းချက်များနှင့် မညီဟု တပ်မတော်သားကိုယ်စားလှယ်များက တစိုက်မတ်မတ် ကန့်ကွက်ခဲ့ကြသည်။

အခန်း (၁၂) အရ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ပြင်ဆင်လိုလျှင် ပုဒ်မ ၄၃၃ (က) တွင် ပြင်ဆင်ရန်တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်ဟုလည်းကောင်း၊ ပုဒ်မ ၄၃၅ တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက အခြေခံဥပဒေပြင်ဆင်ရေး တင်ပြလာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော်လည်း အဆိုပါပူးပေါင်းကော်မတီကို လွှတ်တော်အတွင်း ဆွေးနွေးမဲခွဲ အတည်ပြုပြီးဖြစ်သဖြင့် ယခုလို ကန့်ကွက်နေခြင်းသည် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ ၁၉ (ည) အရ “ဆွေးနွေးပြီးပြတ်သော ကိစ္စရပ်ကို ထပ်မံတင်ပြခြင်းမပြုရ ဆိုသည့်အချက်ကို ဖောက်ဖျက်နေကြခြင်းဖြစ်သည်ဟု NLD ပါတီမှ တွံတေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ယနေ့ လွှတ်တော်၌ ပြောသည်။

ပုဒ်မ ၄၃၃ (က) အတိုင်း ဒေါက်တာမောင်သင်း၏ ဥပဒေကြမ်းကို တင်သွင်းစဉ်က လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး၏ လက်မှတ်ဖြင့် တင်သွင်းခဲ့သဖြင့် စုစုပေါင်း ကိုယ်စားလှယ် ၆၅၇ ဦးရှိသည့် ပြည်ထောင်စုလွှတ်တော်၏ ၂၂ ရာခိုင်နှုန်း ရှိခဲ့သည်။

ဇူလိုင်လ ၁၅ ရက်နေ့က တင်သွင်းလိုက်သည့် ပူးပေါင်းကော်မတီအစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ ချက် ပါရှိပြီး ထိုအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲ ၄၀၁ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ၊ ကြားနေမဲ မရှိဖြင့် ဩဂုတ်လ ၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။

မဲခွဲအတည်ပြုပြီးနောက် အဆိုပြုချက် ၃၇၆၆ ချက်ကို ပူးပေါင်းကော်မတီတွင်း ထပ်မံဆွေးနွေးပြီး အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီတွင် ပါဝင်သည့် တပ်ကိုယ်စားလှယ်များက အစီရင်ခံစာကို သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့၏ သဘောထားကွဲလွဲချက်များကို အချက် သုံးချက်ဖြင့် အစီရင်ခံစာတွင် ပူးတွဲဖော်ပြခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသည့် ဒုတိယအကြိမ် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းအပေါ် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ရှေ့လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆက်ဆွေးနွေးမည်ဖြစ်သည်။

Show More

Related Articles

Back to top button