
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီးရှိ နမ့်ခမ်းမြို့နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ယနေ့နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားသောကြောင့် ရွာသား ၁၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ရွာသားများကို ကူညီကယ်တင်ထားသည့် ကောင်းဝိုင်းဆရာတော် ဦးနန္ဒသီရိက မိန့်သည်။
ယင်းတိုက်ပွဲမှာ နေ့လယ် ၁ နာရီခန့်အထိ ပြင်းထန်နေခဲ့ပြီး ရွာသားအားလုံးနီးပါး နီးစပ်ရာကျေးရွာများနှင့် နမ့်ခမ်းမြို့သို့ တိမ်းရှောင်နေကြရသည်ဟု ဆရာတော်က မိန့်သည်။
“တိုက်ပွဲ ငြိမ်သွားပြီဆိုပေမဲ့ ရွာအနီးအနားမှာ နှစ်ဖက်တပ်တွေရှိနေတော့ ရွာသားတွေလည်း အိမ်မပြန်ရဲသေးဘူး” ဟု ဆရာတော် ဦးနန္ဒသီရိက နောက်ဆုံးအခြေအနေကို ပြောပြသည်။
ဩဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါးခုကို ကိုးကန့်တပ် (MNDDA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း/ပလောင်တပ်(TNLA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က စတင်တိုက်ခိုက်လိုက်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
ကောင်းဝိုင်းရွာသည် နမ့်ခမ်းမြို့၏အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင် ရှိသောကြောင့် နမ့်ခမ်းမြို့ပေါ်မှ မြို့ခံလူထုများလည်း စိုးရိမ်နေကြသည်ဟု တအာင်းအမျိုးသားပါတီ၏ နမ့်ခမ်းမြို့နယ် ဥက္ကဋ္ဌ ဦးဘသန်းက ပြောသည်။
“ဈေးဆိုင်တွေတော့ မပိတ်သေးဘူး၊ ဒါပေမဲ့ ကျောင်းတချို့ကတော့ ကလေးတွေကို ပြန်လွှတ်လိုက်တယ်” ဟု နမ့်ခမ်းမြို့အခြေအနေကို ဦးဘသန်းက ပြောပြသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA သို့ ဆက်သွယ်မေးမြန်းရာ ယနေ့မနက် တိုက်ပွဲအခြေအနေများကို အသေးစိတ်မပြောနိုင်သေးကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးမိုင်းအိုက်ကျော်က Myanmar Now ကို ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံ မေးမြန်းသော်လည်း ယနေ့ ညနေအထိ ဆက်သွယ်၍မရပေ။
ယမန်နေ့ည ၈ နာရီခန့်ကလည်း ကွတ်ခိုင်မြို့အနီးတွင် တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့ ၃ နာရီခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို ကွတ်ခိုင်မြို့မှပင် ကြားရကြောင်း ဒေသခံများက Myanmar Now ကို ပြောသည်။
တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို သြဂုတ် ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးများ ရပ်တန့်ပေးရန် ဖိအားပေးကြောင်း TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီသို့ ပြောဆိုထားသည်။
တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၁၇ ရက်ကတည်းက ကွတ်ခိုင်တိုးဂိတ်အနီးမှ တိမ်းရှောင်လာသည့် ဒေသခံ ကိုတိုးဝင်းကမူ “နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်ဦးမယ်ထင်တယ်။ အရင်အကြိမ်တွေတုန်းကလို ခဏလေးနဲ့ မပြီးလောက်ဘူး” ဟု ဆိုသည်။
ကွတ်ခိုင်မြို့အနီးတွင် စစ်ရှောင်စခန်း ၅ ခုထက်မနည်း ရှိနေပြီး ဒုက္ခသည်ဦးရေမှာလည်း တိုးလာလျက်ရှိနေသည်။ သို့သော် ဩဂုတ်လ ၁၅ ရက်နေ့က စတင်ကာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် အရေအတွက်ကိုမူ မသိရသေးပေ။
ယခင်နေ့များက တိုက်ပွဲပြင်းထန်ခဲ့သည့် လားရှိုး – သိန္နီ- ကွတ်ခိုင်လမ်းကြောင်းတလျှောက်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ တည်ငြိမ်နေကြောင်း ယင်းနေရာသို့ ရောက်ရှိသတင်းယူနေသော Myanamr Now သတင်းထောက်က ယနေ့ညနေ ၆ နာရီခန့်က သတင်းပေးပို့သည်။
“တိုက်ပွဲတွေက ညမှပဲဖြစ်တာ။ တော်တော်များများက နေ့ဘက်တွေ အိမ်ပြန်တယ်။ ညမှ စစ်ရှောင်စခန်းတွေမှာ လာအိပ်ကြတာ” ဟု အောင်လံမြို့ဇာတိ၊ ကွတ်ခိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နမ့်ခမ်းမြို့နယ်၊ ကရုဏာလူမှုကူညီရေးအသင်းသို့ ဆက်သွယ်မေးမြန်းရာတွင် “မူဆယ်ကနေ နမ့်ဖက်ကာကို သွားမရဘူး၊ နမ့်ဖက်ကာကနေ ကွတ်ခိုင်ကိုသွားမရဘူး၊ အဲ့ဒီကြားထဲမှာ တိုက်ပွဲတွေဖြစ်ပြီး တားဆီးမှုတွေရှိနေတယ်၊ လူနာတွေလည်း သွားကောက်တာ အဆင်မပြေသေးဘူး”ဟု ယင်းအသင်းဥက္ကဋ္ဌက ပြောသည်။
ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက် ၁၂ မိုင် ရဲကင်းအနီး မီးလောင်နေသည့် ဆီဆိုင်များသို့ ကယ်ဆယ်ရေး သွားရောက်သည့် လားရှိုးလူငယ်အသင်း၏ ယာဉ်ကို လက်နက်ကြီးထိမှန်၍ အသင်းဥက္ကဋ္ဌ သေဆုံးကာ အဖွဲ့ဝင် ၃ဦး ဒဏ်ရာရရှိခဲ့သည်။