သတင်း

ကယ်ဆယ်ရေး လုပ်နေသည့်ယာဉ်ကို လက်နက်ကြီးထိမှန်၍ အသင်းဥက္ကဋ္ဌ သေဆုံးကာ အဖွဲ့ဝင် ၃ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက် ၁၂ မိုင် ရဲကင်းအနီး မီးလောင်နေသည့် ဆီဆိုင်များသို့ ကယ်ဆယ်ရေး သွားရောက်သည့် လားရှိုးလူငယ်အသင်း၏ ယာဉ်ကို လက်နက်ကြီးထိမှန်၍  အသင်းဥက္ကဋ္ဌ သေဆုံးကာ အဖွဲ့ဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ကိုမျိုးက Myanmar Now ကို ပြောဆိုသည်။

“ဥက္ကဋ္ဌကတော့ ဆုံးသွားတယ်။ ဘယ်သူတွေနဲ့ဖြစ်တယ်ဆိုတာတော့ အတိအကျမသိသေးဘူးလို့ သီပေါမြို့အခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုမျိုးက ရှင်းပြသည်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်နှင့် နောင်ချိုရှိ နေရာငါးခုကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ (ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA) က ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၌ တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နှင့်  သိန္နီ အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုအချို့ ဖြစ်ပွားနေပြီး တံတားအချို့ ထပ်မံဖျက်ဆီးခံခဲ့ရကာ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် လားရှိုးလူငယ်အသင်း၏ ယာဉ်မှာလည်း ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မနက်ပိုင်း ၅ နာရီခွဲဝန်းကျင်ခန့်ကလည်း  ကွတ်ခိုင်မြို့အဝင် လွိုင်ဆမ်ဆစ်တောင်နှင့် လားရှိုးမြို့ပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ သိန္နီ-ကွမ်းလုံ- ချင်းရွှေဟော်လမ်းပိုင်းရှိ ကွန်ကရစ်တံတားငယ်နှစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ဆိုသည်။

လားရှိုးခရိုင်၊ သိန္နီနှင့် ကွမ်းလုံမြို့နယ်အတွင်း Oriental Highway Co., Ltd က BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် သိန္နီကွမ်းလုံချင်းရွှေဟော်လမ်း ကောင်းကော်ရွာနှင့် နမ့်တုန်ဆုံရွာကြား ပေ ၃ဝအရှည် သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ဗြုန်းတောင်အတွင်းရှိ ပေ ၈၀ ရှည်သော တံတားတစ်စင်းကို ယနေ့မနက် ၃နာရီခန့်က ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ယနေ့ထုတ်ပြန်သည်။

ဩဂုတ်လ ၁၆ရက်နေ့ ညနေပိုင်းက ကျောက်မဲမြို့အဝင်တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လျှောက် စစ်ရေးမတည်ငြိမ်မှုများကြောင့် အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်းကို ပိတ်ထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်များ၏ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုကို တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး ကျပ် ၂,၈၂၁ သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။

Show More

Related Articles

Back to top button