သတင်း

ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့် နော်အုန်းလှ အပါအဝင် ၃ ဦးကို အမှုဖွင့်

၆၉ကြိမ်မြောက် ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ ၃ ဦးကို ကျောက်တံတားမြို့နယ် စခန်းမှူးက တရားလိုပြုလုပ်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်လိုက်ကြောင်း ကျောက်တံတားမြို့နယ်ရဲမှူး ဦးမျိုးသန့်က ပြောဆိုသည်။

ယခုလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၆၉ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ကရင့်အာဇာနည်နေ့ဆိုတာကို မသုံးဖို့ ပြောတယ်လေ။ အဲဒါသုံးတဲ့အတွက်ကြောင့် ၂၀(ငြိမ်းစုစီ) နဲ့ အရေးယူတာ။ ၂ဝက ဘာမှ မရှိဘူးဗျ။ တရားရုံးမှာ ဒဏ်ငွေနဲ့ ပြီးသွားမှာပါ” ဟု ၎င်းက ပြောသည်။

တရားစွဲဆိုခံထားရသည့် ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ နော်အုံးလှက ကျောက်တံတားစခန်းမှူးက အမှုဖွင့်ထားသည့်အကြောင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ဖုန်းဆက်အကြောင်းကြားလာပြီး နော်အုန်းလှ၊ စောအဲလဘက်ချိုနှင့် အမျိုးသားတစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း နော်အုန်းလှက ပြောသည်။

 “သူတို့က ခေါ်တယ်လေ။ ကျွန်မမသွားဘူး။ ကျွန်မက ဘာမှ သွားစရာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။

နော်အုန်းလှက ၎င်းကို အမှုဖွင့်ထားခြင်းမှာ“ကရင့် အာဇာနည်” ဆိုသည့် အသုံးအနှုန်းကြောင့် ဖြစ်မည်ဟု ယူဆပြီး ကရင့်အာဇာနည်နေ့ အခမ်းအနား မကျင်းပခင်အချိန်တွင်လည်း ထိုအသုံးအနှုန်းကို ဖြုတ်ပေးရန် အာဏာပိုင်များက ညှိနှိုင်းခဲ့သည်ဟု ၎င်းကပြောသည်။

 “ကရင့်အာဇာနည်နေ့” ဆိုသည့် အသုံးအနှုန်းကို သုံးစွဲခဲ့သည့်မှာ ၆၉ နှစ်တိုင်နေပြီဖြစ်ပြီး သူစတင်ခဲ့သည့် အသုံးအနှုန်း မဟုတ်သည့်အတွက် ပြောင်းလဲပေးရန် မဖြစ်နိုင်ကြောင်း ထိုအသုံးအနှုန်းကို ပြောင်းလဲပေးရန် အကြောင်းပြချက် တောင်းသည့်အခါတွင်လည်း ကျောက်တံတားရဲတပ်ဖွဲ့က မပေးနိုင်သည့်အတွက်ကြောင့် “ကရင့်အာဇာနည်နေ့” ဟုပင် သုံးစွဲခဲ့ကြောင်း ၎င်းကပြောသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို “ကရင့် အာဇာနည်နေ့” အဖြစ် သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့်နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU ဌာနချုပ်၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင်ကာလနှင့် လွတ်လပ်ရေးရပြီးကာလတစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။

Show More

Related Articles

Back to top button