ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ တရားရုံးသို့လာရောက်စေရန် ၎င်းပိုင်ဆိုင်သော ရွှေ့ပြောင်းးနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သော်လည်း ဦးဝီရသူတွင်ပိုင်ဆိုင်မှုမရှိ၍ ဝရမ်းကပ်နိုင်ခြင်း မရှိခဲ့ကြောင်း ဝရမ်းကပ်ရန်သွားရောက်သူများက ပြောဆိုသည်။
ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဩဂုတ်လ ၉ ရက်နေ့က အမိန့်ထုတ်ခြင်းကို ဆောင်ရွက်ရန်အတွက် မန္တလေးမြို့ တိုင်းသံဃာ့နာယကအဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်အကွက်မှူး၊ အမှတ်(၇)ရဲစခန်းမှ ရဲအရာရှိတို့က ၎င်းနေထိုင်ခဲ့သည့် မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ကျောင်းသို့ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက သွားရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ သွားရောက်၍ ဝရမ်းစွဲကပ်ခွင့်ပြုရန် လျှောက်ထားရာတွင် မစိုးရိမ်တိုက်သစ် နာယက ဆရာတော်ကြီးက ဦးဝီရသူပိုင်ဆိုင်သည်မှာ သင်္ကန်းသုံးထည်နှင့်သပိတ်တစ်လုံးသာရှိကြောင်း၊ ကားများနှင့်အခြားဝတ္ထုပစ္စည်းတို့မှာ လှူဒါန်းထားသည့် သံဃိကပစ္စည်းများသာဖြစ်ကြောင်း မိန့်ဆိုကာ ဝရမ်းကပ်ခြင်းကို ငြင်းဆိုခဲ့သည်ဟု ဝရမ်းကပ်ရန် လိုက်ပါသွားသည့် စိန်ပန်းရပ်ကွက် အကွက်မှူးဦးဌေးကျော်ကပြောသည်။
“ပိုင်ဆိုင်မှုက သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ပဲရှိတယ်။ ကားကလည်း အလှူရှင်ကလှူထားတာ၊ သူ့ပစ္စည်းမဟုတ်ဘူး၊ တကယ်လို့ကျောင်းကထွက်ရင်တောင် သူယူလို့မရဘူး၊ သူ့ပစ္စည်းမဟုတ်ဘူး၊ သံဃိကပစ္စည်းတွေလို့ နာယက ဆရာတော်ကြီးက မိန့်လိုက်တယ်”ဟု ၎င်းကပြောသည်။
ဝရမ်းမကပ်နိုင်ခဲ့ခြင်းကြောင့် ဦးဝီရသူတွင် ပိုင်ဆိုင်မှုတစ်စုံတစ်ရာ မရှိကြောင်း ယနေ့ နံနက်တွင် ထောက်ခံစာပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္နဝိစိတ္တဘိဝံသအား Myanmar Now ကဖုန်းဆက်မေးမြန်းရာ ဟုတ်မှန်ကြောင်း ဆရာတော်ကအတည်ပြု မိန့်ကြားသည်။
“ဝရမ်းကပ်ဖို့လျှောက်တာက မြို့နယ်သံဃာ့နာယကကို၊ တိုင်းသာသနာရေးက ကပ်ဖို့ပါသွားတာ၊ တိုင်းသာသနာရေး ညွှန်ကြားရေးမှူး လိုက်သွားတယ်ထင်တယ်” ဟု ဆရာတော်ကမိန့်သည်။
အဆိုပါ ဝရမ်းကိစ္စနှင့်ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ်(၇)ရဲစခန်းမှူးတို့အား ဖုန်းဆက်မေးရာ ဝရမ်းဆောင်ရွက်ရမည့် တာဝန်မှာ ၎င်းတို့မဟုတ်ကြောင်း၊ ကျောင်းသို့လျှောက်ထားရာတွင် ၎င်းတို့ပါမသွားသည့်အတွက် အခြေအနေကို မပြောနိုင်ကြောင်းသာ ပြန်လည်ဖြေကြားသည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို တရားရုံးသို့ နောက်ဆုံးထား လာရောက်ရန် ကြေညာချက်ထုတ်ပြန်ပြီးဖြစ်သော်လည်း လာရောက်အဖမ်းခံခြင်းမရှိသဖြင့် ၎င်းပိုင်ပစ္စည်းများကို ဝရမ်းကပ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက ဩဂုတ်လ ၉ ရက်နေ့တွင် အမိန့် ချမှတ်လိုက်သည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ တရားရုံးသို့ လာရောက်စေရန် ၎င်းပိုင်ဆိုင်သော ရွှေ့ပြောင်းးနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း တွဲဖက်ခရိုင်တရားသူကြီး ဦးကျော်ကျော်က ဆိုသည်။
ဦးဝီရသူကို နောက်ထပ် ၁ လ ထပ်မံစောင့်ဆိုင်းမည်ဖြစ်ပြီး ရုံးချိန်းကို စက်တင်ဘာလ ၉ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။
ဦးဝီရသူကို အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။
မေလ ၅ ရက်က မဟာဗန္ဓုလပန်းခြံကားပါကင်နေရာတွင် ဦးဝီရသူသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုခြင်း၊ အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုခြင်းတို့ လုပ်ဆောင်သည်ဆိုကာ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သမ္မတရုံးနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်ဖြင့် မေလ ၂၈ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်သည်။
ယင်းမြိတ်မြို့ဟောပြောချက်တွင် “နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်” ဟုလည်းကောင်း၊ “ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း …။ ဒါကြီးကိုပဲ သမ္မတ ဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့” စသည့် ပြောဆိုမှုများ ပါဝင်သည်။
သို့သော် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူမှာ တရားရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဇွန်လ ၁၈ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံး၌ မျက်ကွယ်ကြားနာစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။
ယင်းမျက်ကွယ်ကြားနာစစ်ဆေးမှုတွင် တရားလို ဦးစန်းမင်းက သက်သေခံ ငါးခု တင်သွင်းခဲ့ပြီး ရဲနှင့် သာသနာရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များအပါအဝင် တရားလိုပြသက်သေ ကိုးဦးလည်း တင်သွင်းခဲ့ရာ ယင်းသက်သေများကို တရားရုံးက လက်ခံခဲ့သည်။
ဦးဝီရသူ၏မျက်ကွယ်တွင် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ရာတွင် ဇူလိုင်လ ၉ ရက် ရုံးချိန်း၌ တရားလိုပြသက်သေ ၉ ဦးအနက် ကျန်ရှိသူများကို စစ်ဆေးပြီးနောက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အမိန့်ကြေညာချက် ထုတ်လိုက်သည်။
ယင်းအမိန့်အရ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်း လာရောက်အဖမ်းခံ ဖြေရှင်းရန် တရားရုံးကြေညာချက်များကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင်းရှိ ဓမ္မသဟာယကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးတို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က ကပ်ထားခဲ့သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကနှင့် ငြိစွန်းသည်ဟု တရားရုံးက စစ်ဆေးပေါ်ပေါက်သဖြင့် တရားရုံးသို့ ဩဂုတ်လ ၉ ရက်နေ့ နောက်ဆုံးထား လာရောက်ရန် ပါရှိသည်။
သို့သော် လာရောက်အဖမ်းခံ ဖြေရှင်းခြင်းမရှိသဖြင့် သတ်မှတ်ရက်ရောက်သည့် ဩဂုတ်လ ၉ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးက ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။