ရက္ခိုင့်တပ်တော် AA ကို ရန်ပုံငွေရှာဖွေပေးနေသည်ဟုဆိုကာ ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော် အပါအဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က) တို့ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ (ဩဂုတ် ၉ရက်နေ့) တရားစွဲဆိုလိုက်ကြောင်း အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီးချုပ် ဦးမင်းသန့်က အတည်ပြုပြောဆိုသည်။
ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့မှ ရဲမှူး တင့်ရွှေက တရားလိုပြုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး တရားစွဲဆိုခံရသူ ၈ ဦးအား ယနေ့ မနက် ၁၁ နာရီခန့်က တရားရုံးသို့ခေါ်ဆောင်လာပြီး တစ်နာရီခန့်အကြာတွင် အနောက်ပိုင်းခရိုင်တရားသူကြီး ဒေါ်ချိုချိုမာက အမှုကို လက်ခံလိုက်ခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါအမှုနှင့် ဆက်နွှယ်သည်ဟုဆိုကာ ဆက်စပ်ဖမ်းဆီးထားသူ ကိုအောင်မျိုးမင်းအား ထပ်မံချုပ်နှောင်ခွင့်(ရမန်)ကို ဩဂုတ်လ ၂၃ ရက်နေ့အထိ ရယူထားပြီး အင်းစိန်ထောင်တွင် ဆက်လက်ချုပ်နှောင်ထားသည်။
အမှုစွဲတင်ခံရသူ ၈ ဦးမှာ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ရခိုင်အသင်းစင်ကာပူ ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ကိုထွန်းအေး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်း၊ အငှားယာဉ်မောင်း ကိုမြတ်လင်းဦးတို့ ဖြစ်သည်။
ကိုအောင်မြတ်ကျော်က ၎င်းတို့ အလှူငွေကောက်ခံ စုဆောင်းနေသည်မှာ ရခိုင်ပြည်နယ်တွင်ရှိသော စစ်ဘေးရှောင်များအတွက်သာ ရည်ရွယ်သည်ဟု တရားခွင်မှအထွက်တွင် မီဒီယာများကို ပြောသည်။
“ ရခိုင်မှာ စစ်ရှောင်တွေ ဒုက္ခရောက်နေတယ်။ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ဝင်လုပ်တာ၊ ဒါကို အစိုးရက ဒီလိုလုပ်လည်း ကျွန်တော်တို့ သတ္တိရှိရှိ ရင်ဆိုင်မယ် ” ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် ကိုသန်းထွန်းနိုင်(ခ)ဘိုနီ နှင့် ကိုစိုးစိုး(ခ)ကိုစိုးမြင့်တို့ကို တရားခံပြေးအဖြစ် ကြေညာထားပြီး ၎င်းတို့နှစ်ဦးသည် ရက္ခိုင့်တပ်တော် AA ၏ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူ ကိုအောင်မြတ်ကျော်နှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ်ခန့်မှစ၍ United League of Arakan(ULA)(Singapore) အဖွဲ့အား စတင်ဖွဲ့စည်းပြီး AA အဖွဲ့အတွက် ရန်ပုံငွေများ စုဆောင်းပေးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီးချုပ် ဦးမင်းသန့်က ပြောသည်။
ထို့ကြောင့် ကိုသန်းထွန်းနိုင်(ခ)ကိုဘိုနီနှင့် ကိုစိုးစိုး(ခ)ကိုစိုးမြင့်တို့ နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် သတ်မှတ်ပြီး အမှုသီးခြားဖွင့်ကာ တရားစွဲတင်ထားသည်။
ULA(Singapore) က ဦးဆောင်ပြီး ULA/AA ၏ ၁၀ နှစ်ပြည့်အခမ်းအနားကို စင်ကာပူနိုင်ငံရှိ Queen Town Communitation Clubတွင် ပြလုပ်ခဲ့ပြီး၊ ဝင်ကြေးအဖြစ် တစ်ဦးလျှင် စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာနှုန်း ကောက်ခံပြီး ပွဲတက်သူများကို တီရှပ်အင်္ကျီ အပြာရောင်များ ဝေငှပေးခဲ့ကာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရုပ်သံမှတစ်ဆင့် တိုက်ရိုက် စကားပြောကြားနေသည်ကို Projector ဖြင့် ပြသခဲ့ကြောင်း တရားရုံးမှတ်တမ်းအရ သိရသည်။
ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့များက ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ကို စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် စင်ကာပူ CID၊ လဝကနှင့် ရဲများက ဝင်ရောက်ဖမ်းဆီးလိုက်သည်။
AA ကို ရန်ပုံငွေ ရှာဖွေပေးနေသောကြောင့် ၎င်းတို့အား ဖမ်းဆီးရခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ပြီး ဇူလိုင် ၁၀ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်သည်။
ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ ၆ ဦးနှင့် ဆက်စပ်သူ ၃ ဦး စုစုပေါင်း ၉ ဦးတို့ကို နေရာအသီးသီးတွင် အချိန်မတူဘဲ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေကို ကျော်မျိုးထွန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲလိုက်သည့်အချက်အပေါ် ရဲတပ်ဖွဲ့၏စွဲချက်နှင် ရှာဖွေပုံစံတွင် ရရှိထားသည့် အချက်အလက်များကို ကြည့်ရှု့ပြီးမှ အသေးစိတ် ပြောနိုင်မည်ဟု ဆိုသည်။
“ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲက အကြမ်းဖက်မှုနဲ့ ဘယ်လောက်ငြိစွန်းမှုရှိလဲဆိုတာ ဘယ်လိုသက်သေပြနိုင်မလဲ။ ကျွန်တော်တို့ ခုခံရေးလမ်းကြောင်းကတော့ ဟုတ်မဟုတ်ဆိုတာကို ပြန်ပြီးချေပရမှာပေါ့ဗျာ ” ဟု တရားလွှတ်တော်ရှေ့နေ ကိုကျော်မျိုးထွန်းက ပြောသည်။
ကိုအောင်မြတ်ကျော်အပါ ၈ ဦးကို အဖြူရောင်ကား ၃ စီးဖြင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ ခေါ်ဆောင်လာခဲ့သော်လည်း တရားခွင်အပြီးတွင်တော့ ရဲတပ်ဖွဲ့အချုပ်ကားဖြင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ နောက်တစ်ပတ်ရုံးချိန်းကို ဩဂုတ်လ ၂၃ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)မှာ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း၊ ပုဒ်မ ၅၂(က)သည် အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့အပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်၊ ဗိုလ်မှူးကျော်ဟန်နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခတို့ကိုလည်း မြောက်ဦးမြို့နယ်ရဲစခန်းမှ ဒုရဲမှူးအောင်သူက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်တရားစွဲဆိုထားသည်။