သတင်း

သတ်မှတ်ရက်ရောက်သော်လည်း လာအဖမ်းမခံ၍ ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းကပ်မည်

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို တရားရုံးသို့ ယနေ့(ဩဂုတ်လ ၉ ရက်နေ့) နောက်ဆုံးထား လာရောက်ရန် ကြေညာချက်ထုတ်ပြန်ပြီးဖြစ်သော်လည်း လာရောက်အဖမ်းခံခြင်းမရှိသဖြင့် ၎င်းပိုင် ပစ္စည်းများကို ဝရမ်းကပ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့် ချမှတ်လိုက်သည်။

ဦးဝီရသူကို အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ တရားရုံးသို့ လာရောက်စေရန် ၎င်းပိုင်ဆိုင်သော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း တွဲဖက်ခရိုင်တရားသူကြီး ဦးကျော်ကျော်က ဆိုသည်။

အဆိုပါအမိန့်ကို မန္တလေးတိုင်းခရိုင်တရားသူကြီးက ထပ်ဆင့်လက်မှတ်ထိုး၍ မဟာအောင်မြေရဲစခန်းက ဝရမ်းစွဲကပ်ခြင်းကို ဆောင်ရွက်မည်ဟု ၎င်းက တရားခွင်အတွင်း ဆက်လက်ပြောကြားသည်။

သူ ပိုင်ဆိုင်ခွင့်တွေကို နိုင်ငံတော်က ထိန်းသိမ်းထားတဲ့ သဘောပေါ့။ သူ့အနေနဲ့ ရောင်းပြီးတော့ ထွက်မပြေးအောင်ပေါ့။ အဲ့သဘောရှိတယ်။ သူပြန်လာရင်တော့ အဲ့ပစ္စည်းတွေ ပြန်ပေးနိုင်တာပေါ့ ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ရှင်းပြသည်။

သို့သော် ဦးဝီရသူအနေဖြင့် ပိုင်ဆိုင်မှု မည်မျှရှိကြောင်းကိုမူ တရားရုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ရဲလုပ်ငန်းသာဖြစ်ကြောင်း တရားရုံးသတင်းပြန်ကြားရေးအရာရှိက ပြောသည်။

ဦးဝီရသူကို နောက်ထပ် ၁ လ ထပ်မံစောင့်ဆိုင်းမည်ဖြစ်ပြီး ရုံးချိန်းကို စက်တင်ဘာလ ၉ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

မေလ ၅ ရက်က မဟာဗန္ဓုလပန်းခြံကားပါကင်နေရာတွင် ဦးဝီရသူသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုခြင်း၊ အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုခြင်းတို့ လုပ်ဆောင်သည်ဆိုကာ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သမ္မတရုံးနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်ဖြင့် မေလ ၂၈ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်သည်။

ယင်းမြိတ်မြို့ဟောပြောချက်တွင် နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်ဟုလည်းကောင်း၊ ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း ။ ဒါကြီးကိုပဲ သမ္မတ ဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့စသည့် ပြောဆိုမှုများ ပါဝင်သည်။

သို့သော် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူမှာ တရားရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဇွန်လ ၁၈ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံး၌ မျက်ကွယ်ကြားနာစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။

ယင်းမျက်ကွယ်ကြားနာစစ်ဆေးမှုတွင် တရားလို ဦးစန်းမင်းက သက်သေခံ ငါးခု တင်သွင်းခဲ့ပြီး ရဲနှင့် သာသနာရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များအပါအဝင် တရားလိုပြသက်သေ ကိုးဦးလည်း တင်သွင်းခဲ့ရာ ယင်းသက်သေများကို တရားရုံးက လက်ခံခဲ့သည်

ဦးဝီရသူ၏မျက်ကွယ်တွင် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ရာတွင် ဇူလိုင်လ ၉ ရက် ရုံးချိန်း တရားလိုပြသက်သေ ၉ ဦးအနက် ကျန်ရှိသူများကို စစ်ဆေးပြီးနောက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အမိန့်ကြေညာချက် ထုတ်လိုက်သည်။

ယင်းအမိန့်အရ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်း လာရောက်အဖမ်းခံ ဖြေရှင်းရန် တရားရုံးကြေညာချက်များကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင်းရှိ ဓမ္မသဟာယကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးတို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က ကပ်ထားခဲ့သည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကနှင့် ငြိစွန်းသည်ဟု တရားရုံးက စစ်ဆေးပေါ်ပေါက်သဖြင့် တရားရုံးသို့ ဩဂုတ်လ ၉ ရက်နေ့ နောက်ဆုံးထား လာရောက်ရန် ပါရှိသည်။

သို့သော် လာရောက်အဖမ်းခံ ဖြေရှင်းခြင်းမရှိသဖြင့် သတ်မှတ်ရက်ရောက်သည့် ယနေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button