
တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တပ်မတော်အရာရှိတစ်ဦးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)(ခ)၊ ပုဒ်မ ၅၀၀ တို့ဖြင့် တိုင်ကြားထားမှုကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားရုံး၌ ယနေ့(ဩဂုတ်လ ၆ ရက်နေ့)တွင် ရုံးထုတ်ခဲ့သည်ဟု အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းအောင်နိုင်က ပြောဆိုသည်။
တပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးနေမျိုးဇင်သည် မတ်လ၂၆ ရက်နေ့က ခင်ဦးမြို့တွင် ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲတွင် ဟောပြောခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး တပ်မတော်မှ ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်းက လွန်ခဲ့သည့် နှစ်လခန့်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဟောပြောပွဲက ကျွန်တော်ဖိတ်ခဲ့တာပါ။ ဆရာဟောပြောတာတွေနဲ့ပတ်သက်လို့ မကျေနပ်လို့ဖွင့်တယ် ပြောတယ်။ သူတို့က ဗီဒီယိုဖိုင်တစ်ခုလုံး တရားရုံးကို တင်ထားတယ်။ တိုင်စာမှာ သူတို့မကျေနပ်တဲ့ အကြောင်းအရာတွေပါတယ်”ဟု အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးသူ ခင်ဦးမြို့ခံ ကိုမင်းအောင်နိုင်က ပြောသည်။
ဦးနေမျိုးဇင်ကို အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများနှင့်ပတ်သက်ပြီး ၎င်းဟောပြောခဲ့သည့် နေရာတိုင်းတွင် လိုက်လံအမှုဖွင့်နေသည်မှာ အာဃာတအရ လုပ်ဆောင်နေသည်နှင့်တူ၍ မဖြစ်သင့်ကြောင်း ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တွင် စွဲထားသည့်အမှုအတွက် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“တစ်မှုဆိုတော်ပြီပေါ့၊ ခုက တပ်မတော်က အာဃာတနဲ့ လိုက်ဖွင့်နေသလို ထင်ရတယ်၊ ခွင့်ပြုချက်နဲ့လုပ်တဲ့ပွဲမှာ ပြောတဲ့အကြောင်းအရာကို ဥပဒေကြောင်းအရ ငြိစွန်းတယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရဲစခန်းတို့က တရားလိုလုပ်ပြီး ဖွင့်ရမှာ၊ ရဲကလုပ်ရမယ့် အလုပ်ပါ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများမှ ပြောကြားချက်များနှင့်ပတ်သက်ပြီး ဦးနေမျိုးဇင်အား တိုက်ကြီး၊ ဝါးခယ်မ၊ ခင်ဦးတို့တွင် အမှုဖွင့်ထားပြီး ထားဝယ်၊ ကော့သောင်းတို့တွင်လည်း တရားစွဲဆိုမှု လုပ်ဆောင်နေကြောင်း ကြားသိရသည်ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
ဦးနေမျိုးဇင်ကို ခင်ဦးမြို့နယ်တရားရုံးတွင် ယခုလ ၂၀ ရက်နေ့၌ ထပ်မံရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းအောင်နိုင်က ဆိုသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် လူသိများသော ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးနေမျိုးဇင်ကို ဧပြီလ ၁ရက်နေ့က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မြက်ခင်းပြင်၌ ပြုလုပ်သည့် ဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သည့်အချက်များနှင့်ပတ်သက်၍ တပ်မတော်က တိုက်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
၎င်းပြောကြားချက်များတွင် ‘မိမိလုပ်နေသည့်အလုပ်၊ မိမိကိုယ်ကျင့်စာရိတ္တလောက် ဖြူစင်အောင် တည်ဆောက်နိုင်သည့် စစ်ဗိုလ်ချုပ် တစ်ယောက်မျှမရှိပါကြောင်း၊ မိမိလိုမျိုး နိုင်ငံတော်ဘဏ္ဍာ တစ်ပြားတစ်ချပ်၊ နိုင်ငံတော်မြေ တစ်လက်မတစ်ပေ၊ နိုင်ငံတော်ငွေ တစ်ထောင်တစ်သောင်း၊ နိုင်ငံသားများပိုင်ဆိုင်သည့် အခွင့်အရေးများထဲမှ တစ်စုံတစ်ရာ ဘာတစ်ခုမှ ယူမထားပါဘူးဟု ကြွေးကြော်နိုင်သည့် စစ်ဗိုလ်ချုပ်တစ်ဦးမှ မရှိကြောင်း’ လည်း ထည့်သွင်းဟောပြောခဲ့သည်။
တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုတိယဗိုလ်မှူးကြီး တိုးလွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)/(ခ) တို့နှင့် အမှုဖွင့် တရားစွဲထားခြင်းဖြစ်သည်။
ယင်းသို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများမှ ပြောကြားချက်များကြောင့်ပင် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့တွင်ပါ တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။