အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်ရှိ ကျေးရွာအတွင်း လူ ၂ ဦး ၅ ရက်ကြာပိတ်မိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်က ပိတ်ဆို့ထားသည်ဆိုသော နွားရုံတောင်ကျေးရွာအတွင်း ၅ရက်ကြာ ပိတ်မိနေသည့် အသက် ၉၀ ကျော်အရွယ်တစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးတို့မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ဇူလိုင်လ ၁၇ ရက်နေ့တွင်ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နွားရုံတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြသောကြောင့် နွားရုံတောင်ကျေးရွာသားများအားလုံး အနီးအနားရွာများသို့ တိမ်းရှောင်ကြစဉ် ၎င်းတို့နှစ်ဦးမှာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ကျန်ရစ်ခဲ့သူနှစ်ဦးမှာ အသက် ၉၀ ကျော်ရှိပြီး မျက်စိမမြင်ရသည့် ဦးစိုးထွန်းဦးနှင့် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အသက် ၄၀ ကျော်အရွယ် ဦးမောင်မြသိန်းတို့နှစ်ဦး ဖြစ်သည်ဟု ၎င်းကဆိုသည်။

တော်တော်စိုးရိမ်နေရတယ် သူတို့ကိုကယ်ထုတ်ဖို့အတွက် ကျွန်တော်တို့လည်း ကြိုးစားနေကြတယ် ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုက တပ်စွဲထားပြီး အဆိုပါရွာသို့ သွားရောက်ရန် တပ်က ခွင့်မပြုသည့်အတွက် သွား၍မရကြောင်း ၎င်းကဆက်ပြောသည်။

ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းကလည်း နွားရုံတောင်ရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ စခန်းချထားကြောင်း အတည်ပြုပြီး ရွာသားနှစ်ဦးကို ခေါ်ထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ နယ်မြေတာဝန်ခံများနှင့် ဆွေးနွေးနေသည်ဟု ဆိုသည်။

နွားရုံတောင်ရွာသည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၁၇၀ နှင့် လူဦးရေ ၈၀၀ ကျော်ခန့်ရှိကာ မေယုမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့က တပ်မတော်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရွာတွင်းသို့ဝင်ရောက်လာကြောင်းနှင့် ၎င်းတို့ နွားရုံတောင်ရွာမှ တိမ်းရှောင်ပြီး မိနစ်အနည်းငယ်အကြာတွင် ရွာမီးလောင်နေသည်ကို အနီးအနားရွာများသို့ တိမ်းရှောင်နေသည့် ရွာသားများက တွေ့မြင်ခဲ့ကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းကျော်က ပြောသည်။

ရွာကို မီးရှို့သည်မှာ တပ်မတော်မှဖြစ်ကြောင်းနှင့် ရွာတွင်းသို့ဝင်ရောက်လာသည့်တပ်မှာ တပ်မ ၂၂ မှတပ်များဖြစ်ကြောင်း ရွာသားများက စွပ်စွဲကြသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နွားရုံတောင်ရွာ မီးလောင်မှုအတွက် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့က ဝန်ခံခြင်းမရှိဘဲ အပြန်အလှန် အပြစ်ဖို့နေကြသည်။

ရွာအနီး တပ်မတော်စစ်ကြောင်းများ ရှိနေသေးသည်ဆိုသည့် စွပ်စွဲချက်ကိုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုသည်။

နွားရုံတောင်ရွာမှာ ကျွန်တော်တို့တပ်တွေ မရှိတော့ပါဘူးဗျဟိုနေ့က တိုက်ပွဲဖြစ်ပြီးကတည်းက ဘေးဘယ်ညာကို နယ်မြေဆက်ရှင်းကြတယ်ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ဇန်နဝါရီလအတွင်းကလည်း ဘူးသီးတောင်မြို့နယ် အလယ်ချောင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် ၈၀ ဝန်းကျင်ခန့်ရှိသည့် အဘိုးအိုနှစ်ဦးမှာ ရွာအတွင်း တစ်ပတ်ကျော်ခန့် ပိတ်မိနေခဲ့ဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button