Facebook ၏ ဆီလီကွန်တောင်ကြား ရုံးချုပ်ရှိ စာနှင့် ပါဆယ်ထုပ်ဌာနတွင် ပစ္စည်းထုတ်တစ်ခုသည် ဆာရင်ဟု ခေါ်သည့် အာရုံကြော အဆိပ်သင့်စေသော ဓာတ်တစ်မျိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့က အဆောက်အအုံ ၄ ခုတွင် ရှိနေသူများကို အရေးပေါ်ဖယ်ရှားခဲ့သည်။
ဝန်ထမ်းနှစ်ဦးမှာ အဆိပ်နှင့် တွေ့ထိမှုရှိခဲ့သည်ဟု ယူဆရကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။
သို့ရာတွင် အဆိပ်သင့်ထားသော ပါဆယ်ထုပ်နှင့် နံနက် ၁၁ နာရီခန့်က တွေ့ထိခဲ့သူများတွင် အဆိပ်သင့်သည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးကြောင်း မင်နလိုပတ်ခ်ရပ်ကွက်မှ မီးသတ်ဌာနမှူး ဂျွန်စတန်က ပြောကြားသည်။
“Facebook ကုမ္ပဏီက သူတို့ရုံးကို ဝင်လာတဲ့ ပစ္စည်းထုပ်တွေအားလုံးကို စမ်းသပ်စစ်ဆေးတဲ့အခါ အဆိပ်ရှိတယ်လို့ ရလဒ်ထွက်တဲ့အတွက် ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း အဆောက်အအုံထဲက လူတွေကို ရှင်းလင်းဖယ်ရှားခဲ့တာပါ။ ဒီရလဒ် မှန်၊ မမှန်ကို အကဲဖြတ်ဖို့အတွက် ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်” ဟု ဂျွန်စတန်က ပြောကြားသည်။
မီးသတ်အရာရှိများသည် စာနှင့် ပါဆယ်ထုပ် ဌာနရှိ အထုပ်အပိုးများကို စစ်ဆေးရန်အတွက် ညနေ ၆ နာရီတွင် ဝင်ရောက်ရန် ပြင်ဆင်နေသည်။
ကုမ္ပဏီ၏ စစ်ဆေးမှုတွင် အဆိပ်ရှိသည်ဟု အဖြေထွက်ပြီးနောက် ရုံးအဆောက်အအုံ ၄ လုံးရှိ လူများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ရဲဌာန၏ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်နေသည်ဟု Facebook ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ အန်ထော်နီဟယ်ရစ်ဆင်က ပြောကြားသည်။
“အာဏာပိုင်တွေကတော့ အဆိပ်ကိုတွေ့ရှိကြောင်း မသတ်မှတ်သေးပါဘူး။ အခုထိတော့ လူရှင်းထားတဲ့ အဆောက်အအုံ ၃ ခုမှာ ဝန်ထမ်းတွေကို ပြန်ထားလို့ရအောင် သန့်စင်သွားပါပြီ” ဟု ၎င်းက ပြောကြားသည်။
ဆန်ဖရန်စစ္စကို FBI ရုံးမှ စုံထောက်များကလည်း အဆိုပါဖြစ်စဉ်ကို ကိုင်တွယ်နေသည်ဟု ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လူ၏ အာရုံကြောစနစ်ကို ထိခိုက်စေသော ဆာရင်ဟု ခေါ်သည့် ဓာတုပစ္စည်းသည် ပြင်းထန်သော အဆိပ်တစ်မျိုးဖြစ်ပြီး ဓာတုလက်နက်အဖြစ် အသုံးပြုလေ့ရှိကာ ထိတွေ့မိပါက အသက်ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။
Credit: Reuters