သတင်း

ဦးဝီရသူ၏ဆန္ဒဖော်ထုတ်ပွဲ တရားဝင်ခွင့်ပြုချက်ယူ၍ လုပ်ခြင်းဖြစ်ဟု ဒုရဲအုပ်က တရားရုံးတွင်ထွက်ဆို

အမှုရင်ဆိုင်ခြင်းမရှိဘဲ တိမ်းရှောင်ထွက်ပြေးနေသော ဦးဝီရသူကို ယနေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ မျက်ကွယ်ကြားနာ စစ်ဆေးရာ၌ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်သီဟလှိုင်က  မေလ ၅ ရက်က ဦးဝီရသူ၏ ဆန္ဒထုတ်ဖော်ပွဲသည် တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့်ပွဲဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

တရားဝင်ခွင့်ပြုချက် ယူထားသည့်ပွဲဖြစ်၍ ပွဲပျက်အောင် နှောင့်ယှက်သူ ၂ ဦးကို ကျောက်တံတားရဲစခန်းက  တရားစွဲဆိုထားကြောင်းလည်း ၎င်းက ထွက်ဆိုခဲ့သည်။

နှောင့်ယှက်သည်ဆိုသူ ၂ ဦးမှာ ဒဂုံမြို့နယ်ရှိ မီတာဖတ်စာရေးများဖြစ်သူ ကိုအောင်ကိုသက်နှင့် ကိုပြည့်ဖြိုးထွန်းတို့ ဖြစ်ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ငြိမ်းစုစီပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒုရဲအုပ်သီဟလှိုင်က ထွက်ဆိုသည်။

မေလ ၅ရက်က ဦးဝီရသူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟောပြောမှုတွင် “ဒီမိုကရေစီ ပြည့်ဝတာတွေ၊ စံမီတာတွေကော ပြည့်စုံသွားပြီလား။ ကိုယ့်ဘက်ကတော့ ဘာမှ မပြည့်စုံဘူး သက်မဲ့စာအုပ်ကြီးကိုပဲ လက်ညှိုးထိုးနေရင် ဦးဇင်းတို့ကတော့ ဒါ လမ်းလွဲနေပြီလို့ ဦးဇင်းတို့က ပြောရမယ်” ဟု ပြောလိုက်စဉ် ဟောပြောစင်ရှေ့ရှိ လူအုပ်ထဲမှ “မလွဲပါဘူး” ဟူသော အသံ ထွက်ပေါ်လာသည်။

ယင်းနောက် ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ ကိုအောင်ကိုသက်နှင့် ကိုပြည့်ဖြိုးထွန်းတို့ ထိုးကြိတ်ခံခဲ့ရပြီး ၎င်းတို့နဖူးတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည့်အပြင် အမှုဖွင့် တရားစွဲခံရခြင်း ဖြစ်သည်။

ယနေ့ရုံးချိန်း၌ ကျောက်တံတားမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သီဟလှိုင်၊ ဦးဝီရသူဟောပြောပွဲကို မှတ်တမ်းယူခဲ့သူ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဝေမင်းဖြိုး၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ မြို့တော်ခန်းမရှိ စောင့်ကြည်ကင်မရာ ထိန်းချုပ်ခန်းတွင် တာဝန်ရှိသူ ရဲအုပ်ဇော်နိုင်အောင်တို့က သက်သေထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် မြို့တော်ခန်းမ ပတ်ဝန်းကျင်ရှိ လုံခြုံရေးကင်မရာ ၂၀ ကျော်ခန့်မှ မှတ်တမ်းများကို တရားရုံးသို့ သက်သေ တင်သွင်းခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှိ လုံခြုံရေးကင်မရာ ထိန်းချုပ်ခန်းတွင် တာဝန်ရှိသူ ရဲအုပ်ဇော်နိုင်အောင်က ယင်းမှတ်တမ်းများကို သက်သေတင်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကင်မရာများသည် ဦးဝီရသူ ဟောပြောသည့်စင်နှင့် မီတာ ၅၀ ခန့် ကွာဝေးပြီး ရုပ်ကိုသာ မှတ်တမ်းတင်နိုင်၍ အသံကိုမူ မကြားရကြောင်း ရဲအုပ်ဇော်နိုင်အောင်က ဆိုသည်။

အဆိုပါ မှတ်တမ်းများကို တရားခွင်အတွင်း ဖွင့်လှစ်ပြရာ ရောင်စုံရုပ်သံဖိုင်များဖြစ်ပြီး ကြည်လင်ပြတ်သားသည့် မှတ်တမ်းများ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

မေလ ၅ ရက်က မဟာဗန္ဓုလပန်းခြံကားပါကင်နေရာတွင် ဦးဝီရသူသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုခြင်း၊ အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုခြင်းတို့ လုပ်ဆောင်သည်ဆိုကာ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သမ္မတရုံးနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်သည်။

ဆောင်းပါးဖတ်ရှုရန်

ယင်းမြိတ်မြို့ဟောပြောချက်တွင် “နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျှောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်” ဟုလည်းကောင်း၊ “ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း …။ ဒါကြီးကိုပဲ သမ္မတဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့” စသည့် ပြောဆိုမှုများ ပါဝင်သည်။

ဦးဝီရသူသည် ယခင်ကလည်း ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းတရားများ ပွားများပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများနှင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောချက်များ၊ နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန်ဟောပြောမှုများကို ဒေသအနှံ့အပြားတွင် ကြိမ်ဖန်များစွာ ပြုလုပ်နေသဖြင့် နိုင်ငံတော်သံဃနာယကက ဦးဝီရသူကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့ကြောင်းလည်း ဦးစန်းမင်း၏ တရားရုံးသို့ ဦးတိုက်လျှောက်ချက်တွင် ထည့်သွင်းပြောဆိုသည်။

ဦးဝီရသူအမှုတွင် လိုပြသက်သေ ကိုးဦးအနက် ၃ ဦးကို စစ်ဆေးပြီးဖြစ်၍ သက်သေ ၆ ဦး စစ်ဆေးရန် ကျန်ရှိပြီး နောက်ရုံးချိန်းကို ဇူလိုင် ၂ ရက်သို့ တရားသူကြီးက ပြန်လည် ချိန်းဆိုထားသည်။

Show More

Related Articles

Back to top button