သတင်း

ဦးဝီရသူကို မျက်ကွယ်ကြားနာမှု ယနေ့စတင်၊ တရားလိုပြ သက်သေ ကိုးဦးတင်သွင်း

တရားရင်ဆိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ယနေ့ အနောက်ပိုင်းခရိုင်တရားရုံး၌ မျက်ကွယ်ကြားနာ စစ်ဆေးမှု စတင်ပြုလုပ်ခဲ့ရာ တရားလို ဦးစန်းမင်းက သက်သေခံ ငါးခု တင်သွင်းပြီး တရားသူကြီးက အဆိုပါ သက်သေခံများကို လက်ခံခဲ့သည်။

ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေ၍ တရားလိုက တင်သွင်းသည့် သက်သေများအပေါ် ကန့်ကွက်ခွင့် မရရှိပေ။ တရားလိုဘက်မှ တရားလိုပြသက်သေ ကိုးဦး တင်သွင်းထားပြီး ရဲနှင့် သာသနာရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များ ပါဝင်သည်

နောက်ရုံးချိန်းမှာ ဇွန်လ ၂၅ ရက်ဖြစ်ပြီး တရားလိုပြသက်သေများကို စစ်ဆေးမည်ဖြစ်သည်။

ဦးဝီရသူကို နိုင်ငံတော်သမ္မတရုံး၏ အခွင့်အာဏာပေးအပ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုတို့ဖြင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ယနေ့ ရုံးချိန်းတွင် တရားလို အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ထွက်ဆိုသည်။

မေလ ၅ ရက်က မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် မဏ္ဍိုင်သုံးရပ်ကို စော်ကားပြောဆိုပြီး အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုသဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးစန်းမင်းက ဆိုသည်။

ထို့ပြင် ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်သည်။

ယင်းမြိတ်မြို့ဟောပြောချက်တွင် “နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ်” ဟုလည်းကောင်း “ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း ။ ဒါကြီးကိုပဲ သမ္မတဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့” စသည့် ပြောဆိုမှုများ ပါဝင်သည်။

ဦးဝီရသူသည် ယခင်ကလည်း ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းတရားများ ပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများနှင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောချက်များ၊ နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန်ဟောပြောမှုများကို ဒေသအနှံ့အပြားတွင် ကြိမ်ဖန်များစွာ ပြုလုပ်နေသဖြင့် နိုင်ငံတော် သံဃနာယကက ဦးဝီရသူကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့ကြောင်းလည်း ဦးစန်းမင်း၏ တရားရုံးသို့ ဦးတိုက်လျှောက်ချက်တွင် ထည့်သွင်းပြောဆိုသည်။

ယနေ့ ရုံးချိန်းတွင် ဦးဝီရသူ၏ မဟာဗန္ဓုလပန်းခြံရှေ့ ဟောပြောချက် ရုပ်သံဖိုင်ကို တရားခွင်အတွင်း ဖွင့်ပြခဲ့သည်။

ထို့နောက် တရားလိုဘက်မှ တင်သွင်းသည့် ဦးတိုက်လျှောက်ချက်၊ ဦးဝီရသူအား တရားစွဲရန် နိုင်ငံတော်သမ္မတရုံးက အခွင့်အာဏာပေးအပ်သည့် အမိန့်စာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထပ်ဆင့်ညွှန်ကြားစာနှင့် မဟာဗန္ဓုလပန်းခြံရှေ့ ဟောပြောချက်များပါဝင်သည့် စာသားနှင့် ဗီဒီယို စီဒီချပ်များကို သက်သေခံအဖြစ် တင်သွင်းရာ တရားသူကြီးက လက်ခံခဲ့သည်။

ဦးဝီရသူကို မေလ ၂၈ ရက်က တရားစွဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိ၍ တရားခံပြေးမှုဖွင့်ကာ ၎င်း၏ မျက်ကွက်တွင် တရားလို ဦးစန်းမင်းအပါအဝင် တရားလိုပြသက်သေများကို စစ်ဆေးနေခြင်း ဖြစ်သည်။ 

ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသော်လည်း VK ရုရှလူမှုကွန်ရက်တွင် ရုပ်သံဖိုင်များ လွှင့်တင်ကာ အစိုးရနှင့် ပတ်သက်၍ ပြောဆိုခြင်း၊ တရားမဝင် အသင်းကြေညာခံထားရသည့် မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ညီလာခံသို့ လျှောက်ထားလွှာပေးပို့ခြင်း စသည်တို့ ပြုလုပ်လျက်ရှိသည်။ ၎င်းအား စွပ်စွဲထားသော ပုဒ်မသည် ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ အထိချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

ဦးဝီရသူက ရုရှားလူမှုကွန်ရက် VK မှတစ်ဆင့် “မဘသဗဟိုနှစ်ပတ်လည်ညီလာခံသို့ လျှောက်ထားလွှာ” ခေါင်းစဉ်ဖြင့်ပြီးခဲ့သည့်ရက်ပိုင်းက ဗီဒီယိုတစ်ဖိုင်တင်ကာ “နိမ့်ပါးသည့်အခြေအနေ” သို့ရောက်ရှိနေသည့်အတွက် မဘသညီလာခံသို့ မလာရောက်နိုင်ကြောင်း ညီလာခံတက်သည့် သံဃာများအား လျှောက်ထားထားသည်ကို တွေ့ရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ဗုဒ္ဓဘာသာရဟန်းတော်များ စောင့်ထိန်းရသည့် သီလသိက္ခာပုဒ်များကို မစောင့်ထိန်းသည့် သီလကင်းမဲ့သည့်ဘုန်းကြီးများ၊ ရာဇဝတ်မှုများကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကို ဆရာတော်ဟု မခေါ်ထိုက်၊ ရဟန်းဟုလည်း မသတ်မှတ်ထိုက်ကြောင်း ထုတ်ပြန်ခဲ့သလို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ညီလာခံကလည်း အဆိုပါ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button