
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အရှေ့ဘက်ရှိ ကျောက်ဆည်ပြင်ရွာအနီးတွင် ကြာသပတေးနေ့ (ဇွန်လ ၁၃ ရက်) မနက်အစောပိုင်းက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ အနီးအနားတွင်ရှိနေသည့် ဒေသခံ အမျိုးသား ၂၅ ယောက်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း တပ်မတော်က ပြောသည်။
အသက် ၂၀ နှင့် ၃၀ ဝန်းကျင်ရှိ အမျိုးသား ၂၅ ယောက်မှာ တိုက်ပွဲဖြစ်ပွားရာ ကျောက်ဆည်ပြင် ရွာသားများမဟုတ်သလို အနီးအနားရွာများမှရွာသားများ မဟုတ်ခြင်းစသည့် မသင်္ကာဖွယ်အချက်အလက်များကို တွေ့ရှိရသည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကိုပြောသည်။
“ဖမ်းဆီးထားပြီး စစ်ဆေးနေပါတယ်။ တရားဥပဒေအရ အရေးယူနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
လတ်တလောတွင် ဖမ်းဆီးထားသူ ၂၅ ယောက်လုံးကို ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခြင်းမရှိသေးဘဲ တပ်မတော်ကပဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ ထုတ်ဖော်မပြောပေ။
AA ၏ ပြောခွင့်ရအရာရှိ ခိုင်သုခကမူ ဇွန်လ ၁၃ ရက်နေ့က တပ်မတော်နှင့် ၎င်းတို့အကြား ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သော်လည်း ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ပြောသည်။
ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်ကမူ အဆိုပါအဖြစ်အပျက်ကိုမသိသေးသဖြင့် မှတ်ချက်မပေးနိုင်သေးကြောင်း ပြောသည်။
ပြီးခဲ့သည့် မေလပိုင်းက ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၌လည်း AA အဖွဲ့ဝင်ဟု သံသယ ရှိသူများကို စစ်ဆေးရန်အတွက် ရွာသား ၂၇၅ ဦးကို စာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးနေစဉ် မေလ ၂ ရက် ညဘက် ဝရုန်းသုန်းကားဖြစ်ရာ တပ်ဘက်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ခုနစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
သီးခြားဖြစ်စဉ်တစ်ခုတွင် ယခုလ ၃ ရက်နေ့က ကျောက်တော်မြို့နယ် သရီချောင်းသစ်တောစခန်းအနီးတွင် မြိုတိုင်းရင်းသားသစ်တောဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးမောင်စိန်ထွန်းကို အရပ်ဝတ်ဖြင့် အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားကြောင်း မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဦးမောင်စိန်ထွန်း၏မိသားစုဝင်များက ၁၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ကပြောသည်။
ယမန်နှစ် နိုဝင်ဘာလမှ စတင်ပြင်းထန်လာသည့် ရခိုင်တိုက်ပွဲများအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အဖမ်းအဆီးကို ခံရသည့် အရပ်သားအရေအတွက်မှာလည်း ဆက်လက်များပြားလျက်ရှိသည်။
စစ်တွေအခြေစိုက် ရခိုင်စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏အချက်အလက်များအရ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရပ်သား ၅၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူပေါင်း ၈၀ ကျော်ရှိနေသည်။