အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ပြေးဝင်လာ၍ ကျောက်တန်းရွာသားများ ပစ်ခတ်ခံရဟု လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဒေသခံ ကျေးရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့သည့် ပစ်ခတ်မှုမှာ ထွက်ပြေးရန်ကြိုးစားသူ ဒေသခံရွာသားများက လုံခြုံရေး တာဝန်ယူထားသူများထံ ပြေးဝင်လာခြင်းကြောင့်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဇွန်လ ၁၃ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုမှာ  ရွာသားတစ်ဦး ထွက်ပြေးရန်ကြိုးစားခြင်း၊ စိတ်မနှံ့သူတစ်ဦးက အော်ဟစ်ခြင်း၊ ထွက်ပြေးရန်ကြိုးစားသူများက ကင်းအဖွဲ့ရှိရာသို့ ပြေးဝင်လာခြင်းများကြောင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့ ကော်မရှင်က ဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိဘ၊ဆွေမျိုး၊ဇနီးများ၊ ထိုပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် လုံခြုံရေးတာဝန်ယူထားသူများ၊ ဆရာဝန်များ စုစုပေါင်း ၃၈ ဦးကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုပစ်ခတ်မှုကြောင်း ကျောက်တန်းဒေသခံများဖြစ်သည့် ဦးသံခဲအောင်၊ ဦးဇော်လတ်၊ မောင်သန်းဦး၊ ဦးခမွီးချေ၊ ဦးထွန်းရွှေဝင်း နဲ့ ဦးမောင်ဝင်းတို့ ၆ ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရခဲ့သည်။

ဧပြီ ၃၀ ရက်နေ့မှစ၍ ကျောက်တန်းကျေးရွာသား ၂၇၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးရန် တပ်မတော်က အဆိုပါ ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ကျောက်တန်းရွာ စာသင်ကျောင်းတွင် ထိန်းသိမ်းထားသည့် ရွာသားများကို စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ အစောပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ပစ်ခတ်ဖြိုခွင်းရာ  ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ထိုပစ်ခတ်မှုကို လူ့အခွင့်အရေးကော်မရှင်က မေလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ ကွင်းဆင်းစုံစမ်းစစ်ဆေးပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကော်မရှင်၏ ထုတ်ပြန်ချက်တွင် AA အဖွဲ့ဝင်များ ကျေးရွာအတွင်း၌ ရွာသားများနှင့် ရောနှောဖုံးကွယ်နေသည်ဟု သတင်းရရှိသဖြင့် စိစစ်ဖော်ထုတ်ရန် ဆောင်ရွက်ရာမှ ဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

တပ်မတော်က စစ်ဆေးမှု ပြီးဆုံးချိန်တွင် ရွာသား ၈ ဦးကို AA နှင့် ပတ်သက်သည်ဟု ဆိုကာ တရားစွဲမည်ဟု တပ်မတော် တာဝန်ရှိသူများက ကြေညာခဲ့ပြီး၊ မေလ ၃ ရက်၊ ၆ ရက်၊ ၈ ရက်နှင့် ၁၁ ရက်နေ့တို့တွင် တစ်သုတ်စီခွဲကာ ပြန်လွှတ်ပေးခဲ့သည်။

မေလ ၂ ရက်နေ့ ပစ်ခတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း တပ်မတော်က ပြောဆိုထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများအကြား အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းနှင့် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရေးအတွက် သက်ဆိုင်သူများက ဂရုပြုဆောင်ရွက်သင့်ပါကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က အကြံပြုထားသည်။

Related Articles

Back to top button