သတင်း

အိုးဘိုထောင်တွင်း သေဆုံးခဲ့သည့်အမျိုးသားအမှု စုံစမ်းစစ်ဆေးရေး ‘ပွင့်လင်းမြင်သာမှုမရှိ’ ဟု မိသားစုဝင်ပြော

အိုးဘိုထောင်အတွင်း အငြင်းပွားဖွယ်သေဆုံးသွားသော အောင်သပြေကျေးရွာမှ ကိုထွန်းမြင့်ဝင်းအမှုအပေါ် ထောင်တွင်း စုံစမ်းစစ်ဆေးရေးဖွဲ့ကာ စစ်ဆေးနေသည်ဟု အာဏာပိုင်တို့ဘက်က ယမန်နေ့ညက ထုတ်ပြန်ခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိသဖြင့် မယုံကြည်ဟု မိသားစုဝင်များက ပြောသည်။

“ဆေးစစ်ချက်အဖြေ ထွက်မလာသေးဘဲ အရက်ကြောင်တယ်လို့ ဘာလို့ ပြောခဲ့တာလဲ၊ နောက်ပြီး အရက်ကြောင်တယ် ဆိုရင် ဒဏ်ရာတွေအများအပြားက ဘယ်ကရတာလဲ” ဟု သေဆုံးသူ၏အစ်ကိုမြိတ်မြို့နယ် သရက်တောကျောင်းတိုက်၌ သီတင်းသုံးသည့် ဦးဝိမလက မိန့်သည်။

အဖျားကြီးပြီး “အရက်ကြောင်” သေဆုံးသည်ဟု ရဲနှင့်ထောင်အာဏာပိုင်များက အကြောင်းပြ ထားသော်လည်း သေဆုံးသူသည် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များကြောင့်သာ သေဆုံးရခြင်းဖြစ်ပြီး၊ ရဲစခန်းနှင့်ထောင်အတွင်း၌ နှိပ်စက်ခြင်းခံခဲ့ရသည်ဟု ယူဆရကြောင်း မိသားစုဝင်များက ဆိုသည်။

“သူတို့လူတွေနဲ့ သူတို့ စစ်ဆေးတာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုမရှိလို့ မယုံကြည်ဘူးလို့ ပြောချင်တယ်၊ အမှန်တရားအဖြေ ထွက်ခဲ့ရင်တော့ လက်ခံမှာပါ” ဟု ဦးဝိမလက မိန့်သည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာသား အသက် ၃၈ နှစ်ရှိသူ အဆိုပါအမျိုးသား၏ ရုပ်အလောင်းပေါ်၌ တွေ့ရသည့် ဒဏ်ရာဒဏ်ချက်များအတွက် အမှုမှန်ပေါ်ပေါက်စေရန် သက်ဆိုင်ရာ အစိုးရက တာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း ယနေ့ဇွန်လ ၈ ရက်နေ့ မန္တလေးမြို့ မီဒီယာစင်တာ၌ သေဆုံးသူ၏မိသားစုဝင်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက သတင်းစာရှင်းလင်းရာတွင် ၎င်းက အထက်ပါအတိုင်း မိန့်ကြားခြင်းဖြစ်သည်။

ရွာအနီး တည်ဆောက်မည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်နေကြပြီး ရွာသားများနှင့်ကုမ္ပဏီအကြား ပဋိပက္ခများဖြစ်ပွားနေသော အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းသည် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သည်ဟု ရဲကယူဆကာ ဇွန်လ ၂ ရက်နေ့မနက်တွင် ရဲက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်းနောက် တနင်္ဂနွေနေ့ ထောင်ပိတ်ရက်ဖြစ်သဖြင့် နောက်တစ်နေ့ဖြစ်သည့် ဇွန် ၃ ရက် ညနေပိုင်းမှသာ အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း မည်သည့်ဒဏ်ရာမျှ မရှိခဲ့ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ရဲအုပ်ဇော်မင်းဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ဆီမှာ ဖမ်းဆီးစစ်ဆေးစဉ် ဘာဒဏ်ရာမှ မရှိပါဘူး၊ ထောင်ကိုပို့တဲ့အချိန်မှာ ဒဏ်ရာပါရင်လည်း အကျဉ်းထောင်က လက်မခံပါဘူး၊ ဒဏ်ရာနဲ့ပတ်သက်တဲ့ ဆေးစာတွေ လုပ်ရတယ်၊ အဲဒီလိုတွေပါမှ လက်ခံတာဗျ” ဟု ၎င်းက ပြောသည်။

ဦးဝိမလကမူ ရဲ၏ပြောကြားချက်ကို လက်မခံဘဲ “ဦးပဉ္စင်းတို့ကြားတာက စစ်ဆေးစဉ် ရဲစခန်းမှာလည်း ရိုက်နှက်ခံရမှုတွေရှိတယ်၊ ထောင်မှာလည်း နှိပ်စက်ခံရတယ်၊ ဘယ်ဒဏ်ရာကြောင့်ဆိုတာ အငြင်းပွားဖွယ်ပေါ့” ဟု မိန့်သည်။

အဆိုပါအငြင်းပွားဖွယ်ရုပ်အလောင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့သို့ ယခုလအတွင်း စာပို့ တိုင်ကြားသွားမည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်က ပြောသည်။

ယနေ့တွင် မိသားစုဝင်နှင့်ရှင်းလင်းပွဲပြုလုပ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့က “အလောင်းနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရန် အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရေး၊ ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသူရွာသားများအား အမြန်ဆုံးလွှတ်ပေးရေး၊ တောင်သူများ ကန့်ကွက်နေကြသည့် အဆိုပါ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရေး” အချက် သုံးချက်ကို တောင်းဆိုခဲ့ကြသည်။

Show More

Related Articles

Back to top button