သတင်း

အောင်သပြေရွာသားသေဆုံးမှု အိုးဘိုထောင်တွင်း စုံစမ်းစစ်ဆေးမှုစတင်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း ဆောက်လုပ်မည့် ဘိလပ်မြေ စက်ရုံကို ကန့်ကွက်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် အောင်သပြေရွာသား တစ်ဦး မန္တလေး အိုးဘိုထောင်တွင်း သေဆုံးသွားပြီးနောက် အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးနေပြီ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အောင်သပြေကျေးရွာအနီး တည်ဆောက်မည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေကြသည့် ရွာသားများနှင့်ကုမ္ပဏီအကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် အသက် ၃၈ နှစ်ရှိ ကိုထွန်းမြင့်ဝင်းသည် ပဋိပက္ခအတွင်း ပါဝင်သည်ဟုဆိုကာ ထိန်းသိမ်းခံရခြင်းဖြစ်သည်။

ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့ခြင်းသည် “အရက်ကြောင်ခြင်း၊ အဖျားကြီးခြင်း” ကြောင့်ဟု ရဲ နှင့် အကျဉ်းထောင်  ဘက်က မှတ်ချက်ပေးထားသော်လည်း အလောင်းတွင် ဒဏ်ရာအချို့ တွေ့ရှိပြီးနောက် သေဆုံးမှုသည် သွေးရိုးသားရိုး မဖြစ်နိုင်ဟု စွပ်စွဲမှုများလည်း ထွက်ပေါ်လာခဲ့သည်။

“ဘယ်လိုဒဏ်ရာတွေဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး။ Facebook ပေါ်မှာတော့ တွေ့တယ်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာထောင်ကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး သွားရောက်စစ်ဆေးနေတယ်”  ဟု အကျဉ်းဦးစီးဌာန ပြောခွင့်ရအရာရှိ ဦးမင်းထွန်းစိုးက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

Facebook ပေါ်တွင် ပျံ.နှံ့နေသည့် ဓာတ်ပုံများတွင် ရုပ်အလောင်း၏ နဖူးနှင့် ခန္ဓာကိုယ်နေရာအချို့တွင် ဒဏ်ရာများ တွေ့ရှိရသည်။

ထောင်ထဲတွင် သေဆုံးသွားသည့် အောင်သပြေရွာသား ၏ နောက်ဆုံးခရီး

အဆိုပါ အငြင်းပွားဖွယ်ရာ ဒဏ်ရာများသည် ၄င်းတို့ထိန်းသိမ်းထားစဉ် ရရှိခဲ့ခြင်းမဟုတ်ကြောင်း မန္တလေးမြို့ ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ရဲအုပ် ဇော်မင်းဦးက ပြောသည်။

သေဆုံးသူသည် စက်ရုံမီးရှို့မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် သံသယဖြင့် ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး အကျဉ်းထောင်ပိတ်ရက် ဖြစ်သောကြောင့် ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တနင်္လာနေ့ ဇွန်လ ၃ ရက်တွင် အကျဉ်းထောင်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ၄င်းက ပြောသည်။

ကိုထွန်းမြင့်ဝင်းသည် ဇွန်လ ၄ ရက်နေ့တွင် ထောင်ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရပြီး ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။

ကျွန်တော်တို့ဆီမှာ ဖမ်းဆီးစစ်ဆေးစဉ် ဘာဒဏ်ရာမှ မရှိပါဘူး။ ထောင်ကို ပို့တဲ့အချိန်မှာ ဒဏ်ရာပါရင်လည်း အကျဉ်းထောင်က လက်မခံပါဘူး။ ဒဏ်ရာနဲ့ပတ်သက်တဲ့ ဆေးစာတွေ လုပ်ရတယ်။ အဲဒီလိုတွေပါမှ လက်ခံတာ” ဟု ၄င်းက ပြောသည်။

အိုးဘိုထောင် ပြောရေးဆိုခွင့်ရှိသူများကတော့ သေဆုံးမှုအတွက် တရားဝင် သတင်းထုတ်ပြန်မှု မပြုလုပ်သေးပါ။

Show More

Related Articles

Back to top button