
တပ်မတော်နှင့် ပတ်သက်၍ Facebook တွင် ဝေဖန်ရေးသားမှုများ ပြုလုပ်သဖြင့် ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို မေလ ၂၇ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြည်ကြီးတံခွန် တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုလိုက်သည်။
“ဦးဇင်းဆီကိုတော့ ဘာစာရွက်စာတမ်းမှ ရောက်မလာသေးဘူး။ တရားစွဲတယ်လို့ပဲ သိရတာပေါ့။ ဘာရေးသားချက်ကြောင့် ဘာပုဒ်မနဲ့စွဲတယ်ဆိုတာ ဘာမှမသိရသေးဘူး”ဟု ဆရာတော် ဦးစိန္တိတက Myanmar Now ကို မိန့်သည်။
ယခုကဲ့သို့ တပ်မတော်အနေဖြင့် မဟာသံဃာ့နာယကကို ကျော်လွန်၍ တရားရုံးသို့ ဦးတိုက်လျှောက်ကာ အမှုဖွင့်လိုက်ခြင်းမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းကို မလိုက်နာခြင်းဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။
“စစ်တပ်က သဘောထားမြင့်လာမှာလည်း မဟုတ်ဘူး။ သဘောထားမကောင်းသေးဘူး။ တကယ်တော့ ဒါဆဲဆိုနေတာမဟုတ်ဘူး။ ဝေဖန်ပြတာပဲရှိတယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး တရားရုံးတွင် အမှုဖွင့်ထားသည်ကိုပဲ သိရှိကာ အကြောင်းမကြား လာသေးသည့်အတွက် ချိန်းဆိုသောရုံးချိန်းနှင့် မည်သည့်ရေးသားချက်ကို စွဲဆိုသည်ကို မသိရသေးကြောင်း ဆရာတော်က မိန့်သည်။
တပ်မတော်သည် နောက်ထပ် ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးသောဘိတ(အလင်္ကာကြယ်)ကိုလည်း အမရပူရမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ယခုနှစ်ဆန်းပိုင်းက တရားစွဲဆိုထားသည့်အပြင် အခြားပုဒ်မတစ်ခုဖြင့်ပါ တရားရုံးကို ဦးတိုက်လျှောက်ထားကာ ထပ်မံတရားစွဲဆိုထားသည်။