
ဦးဝီရသူကိုဖမ်းဆီးရန် တရားရုံးကထုတ်ထားသည့် ဖမ်းဝရမ်းပါ နောက်ဆုံးသတ်မှတ်ရက်မှာ ဇွန်လ ၄ ရက်နေ့ဖြစ်ပြီး ထို့နေ့နောက်ဆုံးထားကာ ရဲက ဦးဝီရသူကို တရားရုံးတော်ရှေ့မှောက်သို့ တင်သွင်းရမည်ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့နံနက်တွင် Myanmar Now ကို ပြောသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားခြင်း၊ ဆဲဆိုခြင်းတို့ကြောင့် တရားစွဲရခြင်း ဖြစ်သည်ဟု ယင်းတရားရုံးမှ ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး (၃) ဦးမင်းသန့်က ပြောခြင်းဖြစ်သည်။
“အုပ်ချုပ်ရေးတွေကို စော်ကားတာတွေ၊ နောက်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ၊ နောက်ဆုံး … မကြားဝံ့ … ဆဲ … မသုံးသင့်တဲ့ စကားလုံးတွေ သုံးပြီးတော့ ပြောတာတွေ ဘာညာ နောက်ပြီးတော့ အဲလိုတွေပါလာတာပေါ့။ နောက်ပြီးတော့ သူက ပြောတဲ့အချိန်မှာ လူစုလူဝေးကိုပြောတာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူကို အမှုဖွင့်ရန် ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးတိုက်လျှောက်ထားခြင်း ဖြစ်ပြီးနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ဦးတိုက် လျှောက်ထားခြင်းကို လက်ခံကာဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း၊ ဖမ်းဝရမ်းလိပ်စာမှာမန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းတိုက် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဦးဝီရသူ၏ မေလ ၅ ရက်က ရန်ကုန်မြို့လယ် ဗဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောချက်များသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီး သုံးရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များပါဝင်ခြင်းကြောင့် ပုဒ်မ ၁၂၄ (က) ဖြင့် တရားရုံးက အမှုကိုလက်ခံလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုပုဒ်မသည် အစိုးရကိုမုန်းထားအောင်၊ မလေးမစားအောင်၊ မေတ္တာပျက်အောင် အားထုတ် သို့မဟုတ် လှုံ့ဆော်သည်ဟု အပြစ်ရှိကြောင်းပေါ်လွင်ပါက ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ထိ အမြင့်ဆုံးအပြစ်ပေးနိုင်သည့် ပုဒ်မဖြစ်သဖြင့် အာမခံပေး၍ မရကြောင်းလည်း ဦးမင်းသန့်ကဆိုသည်။
ဖမ်းဝရမ်းအရ ဦးဝီရသူကို ရဲတပ်ဖွဲ့ကဇွန်လ ၄ ရက်တွင် တရားရုံးရှေ့သို့ ခေါ်ဆောင်လာရမည် ဖြစ်ပြီး ထိုရက်တွင် ဝရမ်းအတည်ဖြစ်မဖြစ်မှာ ရဲတပ်ဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။
ဦးဝီရသူ အား ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် ယမန်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကလည်းကို ယမန်နေ့ညက အတည်ပြုပြောကြားထားသည်။
မန္တလေး မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ရဲမှူးဝင်းနိုင်ကမူ ၎င်းတို့ထံသို့ မည်သည့်အကြောင်းကြားစာမှ ရောက်မလာသေးသဖြင့် ဦးဝီရသူကို ယခု သွားရောက်ဖမ်းဆီးခွင့် မရှိသေးဟု ယနေ့မနက်က Myanmar Now ကို ပြောသည်။ မန္တလေးရှိ ဦးဝီရသူသီတင်းသုံးသည့် ကျောင်းတိုက်အပြင်ဘက်တွင်တော့ ဒေသခံ သတင်းထောက်များက ယမန်နေ့ညက ညဉ့်နက်သည်အထိ ကျောင်းရှေ့မှ စောင့်ဆိုင်းခဲ့ကြသည်။
ဦးဝီရသူသည် ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့၏ မေလ ၃၀ ရက်နေ့ ဆင့်ခေါ်ချက်အရ ဩဝါဒခံယူရန် ယနေ့တွင် ရန်ကုန်သို့ကြွချီသွားပြီဟု မဟာအောင်မြေမြို့နယ် ရဲသတင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ မကြာသေးမီက ရန်ကုန်မြို့၌ကျင်းပသည့် ၂၀၀၈ အခြေခံဥပဒေထိန်းသိမ်းစောင့်ရှောက်ရေး ဟောပြောပွဲ တွင် ဦးဝီရသူ၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး ဦးဝီရသူကို ဩဝါဒပေးရန် ရန်ကုန်တိုင်း သံဃာ့နာယကက ဆင့်ခေါ်စာ ထုတ်ထားခြင်း ဖြစ်သည်။
ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင်မူ ဦးဝီရသူသည် ရန်ကုန်သို့ရောက်ရှိနေပြီ ဖြစ်ပြီး ဖမ်းဆီးပါက အဖမ်းခံမည်ဟု ၎င်းကပြောသည်ဟု ရေးသားထားသည်။
ဦးဝီရသူသည် ၂၀၀၃ ခုနှစ်က ကျောက်ဆည်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်ပြီး ၎င်း၏သွေးထိုးလှုံ့ဆော်မှုကြောင့်ဟုဆိုကာ ပုဒ်မ ငါးခုဖြင့် ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရကာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ထောင်မှပြန်လွတ်ခဲ့သည်။
၎င်းပြန်လွတ်ပြီးနောက် ၂၀၁၂ ခုနှစ် မေနှင့်ဇွန်လများအတွင်း ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးတစ်ဦး အသတ်ခံရမှုမှစ၍ ဖြစ်ပွားခဲ့သည့် ဘာသာရေးအဓိကရုဏ်းကာလအတွင်း ဦးဝီရသူသည် မွတ်စလင် မုန်းတီးရေး၊ မွတ်စလင် ဆန့်ကျင်ရေး တရားများ တစိုက်မတ်မတ် ဟောကြားရုံမက ၉၆၉ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ရာမှ ပြည်တွင်းမှာရော ပြည်ပမှာပါ လူသိများလာခဲ့သည်။
အစွန်းရောက်မုန်းတီးရေးဟောပြောချက်များ ပြုလုပ်မှုကြောင့် ဗုဒ္ဓဘာသာအကြမ်းဖက်ပြယုဂ် (The Face of Buddhist Terror) ဟု ကမ္ဘာကျော် Time မဂ္ဂဇင်းက မျက်နှာဖုံးတင် ရေးခြင်းကိုခံထားရသူလည်း ဖြစ်သည်။
ထို့နောက်တွင် ဦးဝီရသူသည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင် ဘုန်းကြီးတစ်ပါး ဖြစ်လာခဲ့ပြီး အငြင်းပွားစရာ မျိုးစောင့်ဥပဒေလေးရပ်ကို ဦးသိန်းစိန်သမ္မတသက်တမ်းအတွင်း လွှတ်တော်က ပြဋ္ဌာန်းနိုင်အောင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလတွင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့် ပါတီကိုသာ မဲပေးဖို့ တရားပွဲများ၌ ဟောကြားခဲ့ပြီး ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLD အစိုးရတက်လာပြီးနောက်မှစ၍ NLD အစိုးရဆန့်ကျင်ရေး၊ တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍကို ထောက်ခံရေးများ တစိုက်မတ်မတ် ဟောပြောလာခဲ့သည်။
- နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဦးဝီရသူကို တရားစွဲထားကြောင်း ရဲအတည်ပြု
- ဦးဝီရသူကို ၆၆ (ဃ)၊ ၅၀၅ တို့ဖြင့် တရားစွဲနိုင်ခြေရှိဟု သာသနာရေးဌာန ပြောကြား
- လက်ထိတ်နှင့် ထောင်ကို မကြောက်ဟု ဦးဝီရသူပြော
၎င်း၏ ဟောပြောချက်များသည် ပြည်သူလူထုအတွင်း ပွဲဆူစေပြီး အငြင်းပွားစရာ အများဆုံး ဖြစ်ခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ကျင်းပသည့် တရားပွဲတစ်ပွဲ၌ အမျိုးသမီးများအား အမျိုးကိုစောင့်ရန်၊ မွတ်စလင်အမျိုးသားကို ယူခြင်းထက် ခွေးသတ္တဝါနှင့်ယူခြင်းက ပိုမြတ်သည်ဟု ဟောပြောခဲ့သည်။
မကြာသေးမီ ကာလများအတွင်း ဦးဝီရသူ၏ ဟောပြောချက်များထဲတွင် ဧပြီ ၂၉ ရက်နေ့ကတနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ဟောပြောချက်မှာ လူပြောအများဆုံး ဖြစ်သည်။
ထိုစဉ်က ဟောပြောချက်ထဲတွင် အစိုးရနှင့် အစိုးရခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်ပြီး ပြင်းထန်သည့် ပြောဆိုချက်များ ပါဝင်သည်။
ဦးဝီရသူ၏ မြိတ်မြို့ ပြောဆိုချက်များထဲတွင် “အရင်လူတွေခိုးတာက … မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတ သစ်ပင်လေးတွေပဲ ခိုးတာ၊ အခုလူတွေက ပြည်သူ့ပါးစပ်ထဲက နှိုက်ပြီး ခိုးတာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာဖွေထားတာတွေကို အခွန်ကောက်၊ အဲဒီအခွန်တွေကို ဘတ်ဂျက်တွေ တိုးတောင်း၊ အကုန် သူခိုးတွေချည်းပဲ။ ရိုးရိုးခိုးတာ မဟုတ်ဘူး၊ နှိုက်ခိုးတာ”ဟုဟောပြောသည်ကို တွေ့ရသည်။
ထို့ပြင် “မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ထောက်မြင့်လေးနဲ့ ကော့ကော့ကော့ကော့ လျှောက်သွားဖို့လောက်ပဲ တတ်…ဒီကြားထဲ နိုင်ငံခြားသားတွေနဲ့တွေ့ရင် ဖင်က ယမ်းချင်သေးတယ်။ ဒီလောက် သရမ်းနေတဲ့ဟာကြီးကို သမ္မတတင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်။
ဆက်ပြီး ၎င်းက “ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပက ကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူသွားလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း …”ဟု ဟောပြောစဉ် ပရိသတ်က လက်ခုပ်လက်ဝါးတီးကာ အားပေးခဲ့ကြသည်။
မေလ ၅ ရက်နေ့ကလည်း အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ရန်ကုန် မြို့တော်ခန်းမရှေ့ ဟောပြောပွဲတွင် ဦးဝီရသူက လွှတ်တော်တွင်းမှ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။
ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းကြောင့်ဟုဆိုကာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို ၂၀၁၇ မတ်လမှစ၍ တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်သည်။
အမုန်းစကား ဖြန့်သည်ဟု ဆိုကာ Facebook က ဦးဝီရသူကို ၎င်းတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ ဖေဖော်ဝါရီတွင် ကြေညာခဲ့သည်။