
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဘုန်းတော်ကြီး ဦးဝီရသူ (ခေါ်) ဦးဝိစိတ္တာဘိဝံသ အား ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) အစိုးရကိုမုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် အားထုတ် လှုံ့ဆော်မှုဖြင့် ယနေ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက Myanmar Now သတင်းဌာနကို အတည်ပြုပြောကြားသည်။
ထိုပုဒ်မသည် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအထိ အမြင့်ဆုံးအပြစ်ပေးနိုင်သည့်ပုဒ်မဖြစ်သည်ဟု ရာဇသတ်ကြီးတွင် ဆိုထားသည်။
၎င်းအား တရားလိုပြုလုပ်သူမှာ ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းဖြစ်ပြီး၊ တရားလိုဦးတိုက်လျှောက်ထားချက်ကို အနောက်ပိုင်းခရိုင်တွဲဖက် တရားသူကြီး ဦးကျော်ကျော်က ရာဇသတ်ကြီး အမှုအမှတ် ၄၇/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲမှူးကြီးကဆိုသည်။
ဦးဝီရသူအားဖမ်းဆီးရန် တရားသူကြီးကဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရုံးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သော်လည်း၊ ရဲမှူးကြီးမျိုးသူစိုးက ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့ပေ။
“ဖမ်းဝရမ်းထုတ်တာတော့ ကျွန်တော် မသိသေးဘူး။ ညနေ ၄နာရီမှာ တရားသူကြီးက အမှုကိုလက်ခံခဲ့တာဖြစ်တယ်” ဟု ရဲမှူးကြီးကဆိုသည်။
တရားရုံးကို ဦးတိုက်လျှောက်ထားသည့် စာထဲတွင် ဦးဝီရသူ၏မည်သည့်ဟောပြောလှုပ်ရှားမှုများကို ပြဆိုထားမှန်း မသိရသေးပေ။ ဦးဝီရသူသည် မွတ်စလင်မုန်းတီးရေးနှင့် လက်ရှိ NLD အစိုးရ ဆန့်ကျင်ရေး၊ တပ်မတော်ထောက်ခံရေး တစိုက်မတ်မတ် ဟောပြောနေသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ ၎င်း၏ ဟောပြောချက်များသည် ပြည်သူလူထုအတွင်း ပွဲဆူစေပြီး အငြင်းပွားစရာ အများဆုံး ဖြစ်ခဲ့ရသည်။
မကြာသေးမီ ကာလများအတွင်း ဦးဝီရသူ၏ ဟောပြောချက်များထဲတွင် ဧပြီ ၂၉ ရက်နေ့ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ဟောပြောချက်မှာ လူပြောအများဆုံး ဖြစ်သည်။
ထိုစဉ်က ဟောပြောချက်ထဲတွင် အစိုးရနှင့် အစိုးရခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်ပြီး ပြင်းထန်သည့် ပြောဆိုချက်များ ပါဝင်သည်။
ဦးဝီရသူ၏ မြိတ်မြို့ ပြောဆိုချက်များထဲတွင် “အရင်လူတွေခိုးတာက … မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတ သစ်ပင်လေးတွေပဲ ခိုးတာ၊ အခုလူတွေက ပြည်သူ့ပါးစပ်ထဲက နှိုက်ပြီး ခိုးတာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာဖွေထားတာတွေကို အခွန်ကောက်၊ အဲဒီအခွန်တွေကို ဘတ်ဂျက်တွေ တိုးတောင်း၊ အကုန် သူခိုးတွေချည်းပဲ။ ရိုးရိုးခိုးတာ မဟုတ်ဘူး၊ နှိုက်ခိုးတာ” ဟု ပါဝင်သည်။
ထို့ပြင် “မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ထောက်မြင့်လေးနဲ့ ကော့ကော့ကော့ကော့ လျှောက်သွားဖို့လောက်ပဲ တတ်…ဒီကြားထဲ နိုင်ငံခြားသားတွေနဲ့တွေ့ရင် ဖင်က ယမ်းချင်သေးတယ်။ ဒီလောက် သရမ်းနေတဲ့ဟာကြီးကို သမ္မတတင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်။
“ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပက ကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူသွားလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း …” ဟု ဟောပြောစဉ် ပရိသတ်က လက်ခုပ်လက်ဝါးတီးကာ အားပေးခဲ့ကြသည်။
မေလ ၅ ရက်နေ့ကလည်း အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ရန်ကုန် မြို့တော်ခန်းမရှေ့ ဟောပြောပွဲတွင် ဦးဝီရသူက လွှတ်တော်တွင်းမှ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၇ မတ်လတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းကြောင့် တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်သည်။ ၂၀၁၈ ဖေဖော်ဝါရီတွင် Facebook က ဦးဝီရသူကို အမုန်းစကား ဖြန့်သည်ဟု ဆိုကာ ၎င်းတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။