အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ဒဂုံ ပြဿနာဖြစ်ပွားမှု အရေးယူထားသူမရှိဟု ရဲတပ်ဖွဲ့ဆို

ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်ပေးထားသည့် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များအတွက် ဝတ်ပြုဆောင်များကို မျိုးချစ်ဆိုသူများက တားဆီးခြင်း၊ ဖျက်ဆီးရန် ကြွေးကြော်ခြင်းများကြောင့် မနေ့ညက လူစုလူဝေးဖြစ်ပေါ်ခဲ့မှုအတွက် မည်သူ့ကိုမျှ အရေးယူထားခြင်း မရှိဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက Myanmar Now ကို ယနေ့ ညနေတွင် ပြောသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားရန် မရှိဟု ပြောဆိုသည်။

တောင်ဒဂုံမြို့နယ်ရဲမှူးက“ကျွန်တော်ကတော့ ဒီနယ်မြေခံမြို့မစခန်းမှူးတစ်ယောက်အနေနဲ့ ကိုယ်နိုင်တာလေးတွေကို ပြည်သူလူထုတွေ ပြဿနာမဖြစ်အောင် ချစ်ချစ်ခင်ခင်ဖြစ်အောင် ကိုယ်နိုင်တာကို ထိန်းတာ။ ဟိုအပေါ်က အပိုင်းကျတော့ ကျွန်တော့်အဆင့်နဲ့ ဉာဏ်လည်းမမီဘူး၊ လူကြီးအပိုင်းကျတော့ မသိဘူးခင်ဗျ” ဟု ဆိုသည်။

အမျိုးသမီး ၁၀ ဦးခန့် ပါဝင်သော မျိုးချစ်ဆိုသူများက ကား ၁၀ စီး၊ ဆိုင်ကယ်အများအပြားဖြင့် လှုပ်ရှားခဲ့ကြပြီး အချို့မှာ ဓားများ ယူဆောင်လာကြသည်။

ယင်းမျိုးချစ်ဆိုသူများအဖွဲ့တွင် ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်ကို အသရေဖျက်မှုဖြင့် ထောင်ကျခဲ့သော မိုက်ကယ်ကျော်မြင့်ဆိုသူက ဦးဆောင်ပါဝင်နေပြီး ၎င်းသည် ယခုနှစ် မတ်လက ရန်ကုန်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးပွဲတွင် ဦးဆောင်ဟောပြောခဲ့သူဖြစ်သည်။

ယခုအခြေအနေတွင် ရန်ကုန်တိုင်းအစိုးရက တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုနိုင်ရန် လုံခြုံရေးပေး၍ စောင့်ရှောက်စေလိုကြောင်း မြန်မာနိုင်ငံ၊ အစ္စလာမ်ဘာသာဝင်အဖွဲ့မှ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

၁၉၉၀ ကာလများတွင် မြို့သစ်ဖြစ်လာသော ထိုမြို့နယ်၌ အစ္စလာမ်ဘာသာဝင်များအတွက် ပုံမှန်ဝတ်ပြုရန် ဗလီမရှိခဲ့ဘဲ ဝတ်ပြုဆုတောင်းရန်နေရာကို နှစ်စဉ် အာဏာပိုင်များထံ လျှောက်ထားရခြင်းဖြစ်သည်။

ယခုနှစ် ဥပုသ်လအတွက် တောင်ဒဂုံမြို့နယ်ရှိ ၁၀၆၊ ၆၄ နှင့် ၂၆ ရပ်ကွက်များရှိ လူနေအိမ် သုံးလုံးတွင် ရမ္မဇာန်ဥပုသ်လအတွင်း မေလ ၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ရန် အစ္စလာမ်အဖွဲ့များ၏ လျှောက်ထားချက်အရ ဒေသခံအာဏာပိုင်များက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button