တရုတ်နှင့်မြန်မာပုဂ္ဂလိကကုမ္ပဏီနှစ်ခု ဖက်စပ်ရင်းနှီးမြှုပ်နှံသည့် မန္တလေးမြို့ အနီးရှိ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးရန် ကျေးရွာအဝင်လမ်း ပိတ်ဆို့ဆန္ဒပြနေကြသည့် ဒေသခံများကို ယနေ့နံနက် ၅ နာရီခန့်က ရာဘာကျည်များဖြင့် ပစ်ခတ်ကာ စတင်ဖြိုခွင်းခဲ့၍ ဒေသခံ ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရွာသား နှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
ဆန္ဒပြပွဲဖြိုခွင်းခံခဲ့ရသည့် ဒေသခံများက ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် စက်ရုံပိုင်ယာဉ်များကို မီးရှို့ခဲ့၍ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပိုမိုတင်းမာနေပြီး ရဲတပ်ဖွဲ့က ထပ်မံဖြိုခွင်းမှုများ လုပ်ဆောင်ရန် ရှိနေသည်။
လတ်တလောတွင် ရဲတပ်ဖွဲ့နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဒေသခံရွာသားများထဲမှ ကိုယ်စားလှယ် ငါးဦးကို ခေါ်ယူကာ ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်။
လက်ရှိ တည်ဆောက်နေသော ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံးလွှတ်ပေးရန် အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ကာ မနေ့က(မေလ ၁၄ရက်နေ့) ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့က စက်ရုံကားများ ကျေးရွာအတွင်းမှ မဖြတ်သန်းရန် လမ်းပိတ်ဆို့ထားကြပြီး ယင်းဆန္ဒပြရာသို့ ရဲတပ်ဖွဲ့ဝင် ၆၀ ခန့်က မနေ့နေ့လယ်ပိုင်းက လာရောက်ကာ လူစုခွဲရန် ကြေညာသော်လည်း ဆန္ဒပြသူများက အလျှော့မပေး၍ နှစ်ဖက်အခြေအနေ တင်းမာနေပြီး အုပ်ချုပ်ရေး တာဝန်ရှိသူများ လာရောက်ညှိနှိုင်းမှုမှာလည်း မပြေလည်ခဲ့ပေ။
ယင်းကြောင့် ယနေ့နံနက် ၅နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် ဆန္ဒပြသူ ၂၀ ခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူသုံးယောက် ဖမ်းဆီးခြင်းခံရ၍ ဒေသခံများက အယ်လ်ဖာ ဘိလပ်မြေ စက်ရုံနှင့် စက်ရုံပိုင်ကားများကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
ရွာသားတွေက ဘာ့ကြောင့်ကန့်ကွက်
အဆိုပါစီမံကိန်းအဝင်လမ်းသည် ၎င်းတို့၏ယာမြေများကို သိမ်းယူကာ ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း၊ တန် ၅၀၀ဝ ကျ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို တိုင်းအစိုးရက ခွင့်ပြုထားခြင်းကြောင့် ၎င်းတို့၏ယာခင်းများ ပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးများထိခိုက်ခြင်း စသည့် အခြေအနေများ ပေါ်ပေါက်ကာ ကျေးရွာနစ်နာမည်ကို စိုးရိမ်ကြောင်း ဒေသခံရွာသားများက ဆိုသည်။
အဆိုပါစီမံကိန်း ဖျက်သိမ်းပေးရန် ယမန်နှစ်ကတည်းက အကြိမ်ကြိမ် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသဖြင့် ရွာသူရွာသား ၂၀ ကျော်မှာ တရားစွဲဆိုခံထားရကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများလည်းရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ကလည်း အဆိုပါကျေးရွာမှ ဒေသခံ ၅၀ ဝန်းကျင် က ရန်ကုန်မြို့တော်ခန်းမရှေ့ ၌ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် အဆိုပါဘိလပ်မြေစက်ရုံစီမံကိန်းကို ဦးသိန်းစိန်လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်” ကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
၂၀၁၅ မှ ၂၀၄၀ အထိ ၂၅ နှစ်ကြာ လုပ်ပိုင်ခွင့်ပေးထားသည့် အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၇ ခုနှစ် အောက်တိုဘာက ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီလီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။
၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီနှင့် မြန်မာမှ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင် ထားခြင်းဖြစ်ပြီး မကြာသေးမီက ဈေးကွက်အတွင်း လူသိများလာသည့် Alpha တံဆိပ် ဘိလပ်မြေကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်ဆည် စက်မှုနယ်မြေရှိ တန် ၅၀၀၀ ကျ အကြီးစားဘိလပ်မြေစက်ရုံကိုလည်း B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။
ဆက်စပ်သတင်းများ
ငြိမ်းစုစီဖြင့်အမှုဖွင့်ခံထားရသည့် ရွာသားများ တရားရုံးမလာဘဲ သပိတ်မှောက်သဖြင့် ဖမ်းဝရမ်းထုတ်
မန္တလေး ပုသိမ်ကြီးရှိ ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ခဲ့သည့် ရွာသားများ ထောင် ၁လကျ
တရားစွဲ ထောင်ချခံခဲ့ရသည့်ကြားမှ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံများ ဆန္ဒထပ်ပြ